လွမ်းစရာ ကြည့်ချင်ပွဲ

ဆူးငှက်

ကျွန်တော်တို့ ငယ်ငယ်က ဒ်ီလိုရာသီဆိုလျှင် မန္တလေးတစ်မြို့လုံး ဆိုင်းသံဗုံသံ ညံနေကြပြီ။ တစ်နေရာမဟုတ် တစ်နေရာမှာ ဓမ္မာရုံ ဘုရားပွဲ၊ ဒါမှမဟုတ် ရပ်ကွက်သံဃဒါန ဆွမ်းလောင်းသင်းအောင်ပွဲအနေနဲ့ အနည်းဆုံးခြင်းဝိုင်းနဲ့ ထိုင်ဆိုမြန်မာတီးဝိုင်းလေး တစ်ဝိုင်းတာ့ ပါနေတာပါပဲ။

ဟော မြို့စွန်းအဖျား တချို့ရပ်ကွက်လေးတွေမှာတော့ ဇာတ်မငှားနိုင်၊ အငြိမ့်မငှားနိုင်၊ တီးဝိုင်းမငှားနိုင်တော့ ဆိုကြမယ်၊ပျော်ကြမယ် စီဒီအိုကေ ဖျော်ဖြေရေးအစီအစဉ်တဲ့လေ။ ဓမ္မာရုံရှေ့စင်ကလေးထိုး၊ ရပ်ကွက်ထဲက စီဒီအိုကေစက် မလာကြပြီး အခန်းအောင်းရွက်ပုန်းသီး စီဒီအိုကေ ပွဲတိုင်းကျော်တွေ အစွမ်းပြကြတော့တာပဲ။

အရင်တုန်းက မန္တလေးမှာ အငြိမ့်အဖွဲ့ပေါင်း နှစ်ဆယ်ကျော် အစိတ်နဲ့ ပွဲမိန့်မခက်ခဲ၊ အငြိမ့်ကြေး ဒီလောက်မမြင့်သေးတဲ့ လုပ်ငန်း ကိုင်ငန်းကောင်းချိန်အခါကဆိုရင် မင်္ဂလာဆောင် အောင်ပွဲလည်း အငြိမ့် ၊ အလှူအောင်ပွဲလည်း အငြိမ့်၊ ဘုန်းကြီးပျံမှာလည်း သုံးရက်သုံးလီ ပွဲကြည့်ပြီးကြလို့ အားမရနိုင်သေးတော့ အရိုးကောက်ဆိုပြီး ပွဲခံကြသေး။ ရပ်ကွက် ဘောလုံးအသင်းနိုင်လို့ ပွဲထည့်၊ ကလေးပုခက်တင် မို့ ပွဲထည့်နဲ့ လူကြီးတွေပြောသလို ” တယ်လည်း အပျော်အပါး ကြီးကြသကိုး”လို့ မှတ်ချက်ချရလောက်အောင် ပွဲကြိုက်လှတဲ့မြို့ပေါ့ …။ ပွဲကတော့ ကြိုက်လက်စနဲ့ အခုလည်း ကြိုက်ဆဲပါ။ မတတ်နိုင်လို့သာ ရောင့်ရဲနေရတာကိုး။

ရပ်ကွက်ဓမ္မာရုံဘုရားပွဲတွေမှာ ဇာတ်တစ်ဇာတ်ငှား၊ နှစ်ညဆက်တိုက်က မင်းစင်ထိုးပြီး တစ်ထောင့်ထွာကျော်ကျော်ပတ်လည် မင်းစင်နေရာလေးကို တစ်သောင်းဆိုလည်း ပက်ခနဲ၊ နှစ်သောင်းဆိုလည်း ပက်ခနဲ။ ဒီတော့ ဇာတ်ကြေးကျတဲ့အပြင် ဘုရားတောင်လှူနိုင်သေးတာကိုး။ ဒါကြောင့် အရင်းပြန်မရနိုင်တဲ့ အငြိမ့်ထက် မင်းစင်ထိုးရောင်းလို့ရတဲ့ ဇာတ်ပွဲတွေ အငှားများပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းနှစ်တွေက ဘုရားပွဲတွေဆိုရင် ဇာတ်ပွဲချည်းများပါတယ်။

အခုမန္တလေးမှာ ညစဉ်ကြားနေရတဲ့ ပွဲသံ လမ်းသံဆိုတာ အဲလိုပွဲမျိုးက အများစုပါ။ ဒီလိုဇာတ်မျိုးတွေလည်း မငှားနိုင်၊ မန္တလေးမှာ လက်သုံးချောင်းသာကျန်တော့တဲ့ အငြိမ့်အဖွဲ့တွေလည်း မတတ်နိုင်လို့ ဓမ္မာရုံရှေ့ လှူဖွယ် ခင်းကျင်းထားတဲ့ ပဒေသာပင်တွေရှေ့၊ ညှပ်မတွေရှေ့ ရာစမတ်လေးကာ ကောဇောလေးခင်းပြီး မြန်မာတီးဝိုင်းလေးတွေ တွေ့နေရသေးတာတော့ ဝမ်းသာစရာပေါ့။ ကြားဖူးနားဝရှိပြီး မန္တလေးသီချင်းတွေ၊ ဒီနေ့ခေတ်စားနေတဲ့ ခေတ်ပေါ်ဂန္ထဝင်ပြန်ဆိုတေးတွေကို ဆိုကြ၊ တီးကြ၊ မှုတ်ကြတာပါ။ ကြည်နူးစရာကောင်းတဲ့ အသံလေးတွေပါပဲ။ တချို့အရပ် ဘုရားပွဲတွေမှာ အလတ်စားမြန်မာတီးဝိုင်းတွေမှာ လူပြက်သုံးယောက်နဲ့ မင်းသမီးတစ်လက်၊နှစ်လက်လောက်နဲ့ အငြိမ့်ခန်းပါ ထွက်ကြတာမျိုးလည်း ရှိပါတယ်။ သိပ်ကောင်းတဲ့အစီအစဉ်ပါပဲ။ လူကြိုက်လည်းများလှပါတယ်။ နာမည်ကျော် မြို့မတူရိယာအသင်းကြီးနဲ့ မြို့မလူရွှင်တော်ကြီးတွေ မင်းသမီးတွေရဲ့”မြို့မနဲ့ အငြိမ့်ခန်း”ကိုလည်း တတ်နိုင်တဲ့ ရပ်ကွက်ကြီးတွေက ဂုဏ်ယူငှားရမ်း ကပြကြပါတယ်။ ဒါကတော့ အညွန့် အဖူးဖြစ်တဲ့အပြင် မန္တလေးကြိုက်၊ ကလေးလူကြီးကြိုက်လို့ပြောရပါမယ်။

ဘုရားပွဲ အဝင်ညမှာ ဘုရားနဲ့ အနီးဆုံးနေရာမှာ စည်တော်ကြီးအဖွဲ့ နေရာယူပါတယ်။ စည်တော်ကြီး ဆိုတာက မန္တလေး ရတနာပုံနပြည်တော်ခေတ်မှာကတည်းက ထီးသုံးနန်းသုံးအနေနဲ့ ရှိခဲ့တာပါ။ စည်တော်ကြီးအဖွဲ့က ဘုရားပွဲညမှာ စည်တော် သမားစဉ်အတိုင်း ရာဇဝင် ခင်းကျင်းပြီး စည်တော် တီးခတ်တယ်။ ကျွန်တော်တို့ သိမီတဲ့ခေတ်မှာပဲ စည်တော်အဖွဲ့တွေက အခြားတူရိယာတွေဖြည့်ပြီး မင်းသားတွေ မင်းသမီးတွေ ပါလာသေးတယ်။ ဒီစည်တော်အဖွဲ့က မနက် ဘုရားပွဲ ဆွမ်းတော်ကြီးလောင်းတော့ တီးခတ်ကြသေးတယ်။ ရာချီရှိတဲ့ ဆွမ်းခံ သံဃာတော်တန်းကြီးနဲ့ စည်တော်ကြီး တီးခတ်သံဟာ မနက်ခင်းမှာ အင်မတန် ကျက်သရေ ရှိလှပါတယ်။

မန္တလေးဘုရားပွဲတွေက သီတင်းကျွတ်လဆန်းတာနဲ့ စတင်ကြတော့ အငြိမ့်တွေ၊ ဇာတ်တွေက ပွဲဦးထွက် သေတ္တာဖွင့် ကပြကြတယ်။ အများအားဖြင့် ဘုရားပွဲတွေက ၂ ရက်၊ ၂ ည ကျင်းပကြတာပါ။ အငြိမ့်တွေက အဲဒီ ၂ ညမှာ တစ်ညစီ ကပြကြပေမယ့် ဇာတ်တွေကတော့ ဘုရားပွဲ ၂ ညစလုံး ကပြကြတယ်။ အငြိမ့်က ကမယ့် ညမရောက်ခင် နေ့လယ်လောက်မှ အငြိမ့်စင်လာချပြီး အသင့်ပါ ပစ္စည်းတွေနဲ့ ချက်ချင်းဆောက်နိုင်တယ်။ ညနေစောင်းတော့မှ အငြိမ့်ကားရာက်လာပြီး ပစ္စည်းဆင်၊ မီးဆင်တယ်။ ညခုနစ်နာရီလောက်ရာက်တော့ အငြိမ့်တီးဝိုင်းကယိုးဒယားကရောင်းရိုက်ပြီး ဧည့်ခံတီးလုံး တီးတယ်။ ညရှစ်နာရီလောက် အငြိမ့်စထွက်၊ ပထမဧည့်ခံသီချင်းပြီးရင် အော်ပရာ အစီအစဉ်၊ နောက် ရှေ့ထွက်မင်းသမီး၊ ပြီးရင် ယိမ်း ထွက်တန်ထွက်၊ ပြီးမှ အလယ်ထွက်၊နောက် တခန်းရပ်…၊နောက် ခေါင်းဆောင် မင်းသမီး၊ အသိမ်းမှာ ပြဇာတ်…။ ဒါဆိုရင် သန်းခေါင်ကျော် နာရီပြန် ၁ ချက် ၂ ချက်လောက်ရောက်ပါပြီ။ အငြိမ့်သိမ်းပါပြီ။ အငြိမ့်ကလမ်းဘေးမှာမို့ အစအဆုံး ကြည့်ကြမယ့် အရပ်ခံတွေက ဖျာတွေ၊ ခုံရှည်တွေခင်းပြီး ကြည့်ကြတယ်။ ကျန်ပရိသတ်က ကြိုက်တဲ့အချိန် မိုးတိုးမတ်တပ် ဝင်ကြည့်၊ ကြိုက်တဲ့အချိန် ပြန်ရုံပါပဲ။ နည်းနည်းကြာကြာ ကြည့်ချင်ရင်၊ စင်ရှေ့က ထိုင်ကြည့်ကြတဲ့ ဖျာပရိသတ်ကြား တိုးဝှေ့ကြည့်ကြတာပါ။

နောက်ပိုင်း ဘုရားပွဲတွေမှာ မန္တလေးမြို့ခံ တီးဝိုင်းတွေလည်း ထည့်လာကြတယ်။ မန္တလေးမှာက မြို့မတူရိယာအသင်းလိုပဲ။ မိုးကေသီတဲ့၊ သိင်္ဂီတဲ့၊ သင်္ဂဟတဲ့၊ယဉ်တဲ့၊ ဂီတလုလင်တဲ့၊ တေးချစ်သူတဲ့၊ ဗဟိုတဲ့၊ ယဉ်မွန်တဲ့ ရှိတယ်။ ခေတ်ပေါ်အနေနဲ့ Shells တဲ့၊ Music Boy တဲ့ ရှိသေးတယ်။ ဒီတီးဝိုင်းတွေကလည်း ဘုရားပွဲခင်းထဲ စင်ထိုးပြီးဖျော်ဖြေတာပါ။ တစ်ခါတရံ ရန်ကုန်က နာမည်ကြီးအဆိုတော်တွေလည်း ပါတတ်တယ်။ ဒါပေမယ့် မန္တလေးမှာ အစဉ်အဆက်အနေနဲ့ တီးဝိုင်းတွေမှာ အငြိမ့်ခန်း ပါတတ်ပါတယ်။ရှေ့ပိုင်းမှာ တီးဝိုင်းက အဆိုတော်တွေနဲ့ဖျော်ဖြေပြီးရင် နောက်ပိုင်းမှာ တီးဝိုင်းက တိမ်ထိုးတီးလုံးတီးပြီး အငြိမ့်ခန်း ကပါတယ်။ အထူးသဖြင့် မြို့မနဲ့ဆိုရင် အငြိမ့်ခန်း ပါခဲ့တာဟို… ရှေးရှေး… လေဘာတီမမြရင်တို့ခေတ်ကတည်းကပါ။

တချို့ဘုရားပွဲက ဇာတ်တွေကလည်း ဘုရားနဲ့ မလှမ်းမကမ်း လမ်းဘေးလွတ်ရာနေရာမှာ ဝါးတွေနဲ့ ဇာတ်စင် အခိုင်အမာဆောက်ပြီး ဘုရားပွဲ ၂ ညစလုံး ကပြဖျာ်ဖြေတယ်။ တော်တော်များများ ဇာတ်အဖွဲ့တွေက မင်းစင်ထိုးပြီး ကကြတယ်။ မင်းစင်ဆိုတာ ဇာတ်ခုံရှေ့ ပွဲခင်းမှာပဲ ဝါးတွေ၊ ဝါးကပ်တွေနဲ့ ပွဲကြည့်စင်တွေ ထိုးတယ်။ ပြီးရင် ၄ ပေပတ်လည်လောက် အမှတ်အသားပြုပြီး အဲဒီစင်ကို ပွဲကြည့်သူက ဝယ်ကြည့်ရတာပါ။ များသောအားဖြင့် အဲဒီရရှိတဲ့ မင်းစင်ဖိုးတွေက ဘုရားပွဲရဲ့ဖျော်ဖြေရေး အစီအစဉ်အတွက် တီးဝိုင်း၊ အငြိမ့်၊ ဇာတ်ငှားခတွေ တစ်စုံတစ်ရာ အသုံးတည့်တာပေါ့။ ဘာပဲပြောပြော၊ မန္တလေးဘုရားပွဲတွေဟာ အခကြေးငွေ တစ်ပြားမှ ပေးစရာမလိုဘဲ တီးဝိုင်းတွေ၊ အငြိမ့်တွေ ကြည့်နိုင်ကြတယ်။ ဒါဟာ လူထုသဘောဆောင်တဲ့၊ လူထုဖျော်ဖြေမှု ပုံရိပ်တွေပါပဲ။

ဒါကို မန္တလေးက တစ်လျှောက်လုံး သုံးစွဲခဲ့တဲ့ စကားလုံးက “ကြည့်ချင်ပွဲ”တဲ့လေ…။ အခုတော့ ဒီနှစ် မန္တလေး ဘုရားပွဲတွေမှာလည်း အငြိမ့်၊ တီးဝိုင်း ထည့်နိုင်ကြဖို့ အဆင်မပြေလောက်သေးဘူး။ ဒီလိုနဲ့ ၃နှစ်ရှိပြီပေါ့။ ဘုရားပွဲတွေခြောက်ကပ်ကပ်…။နောက်ဆို ရှိပါဦးမလား ကြည့်ချင်ပွဲ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW