ပြည်ပနိုင်ငံသားတွေအတွက် ကိုဗစ်-၁၉ ကန့်သတ်ချက်အများစု ဂျပန်အစိုးရ ရုပ်သိမ်းပြီ

တိုကျို၊ အောက်တိုဘာ-၁၁-၂၀၂၂
မျိုးဆက်(VOM)

ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်အများစုကို အောက်တိုဘာ ၁၀ ရက်မှာ ဂျပန်အစိုးရက ရုပ်သိမ်းလိုက်ပြီး နိုင်ငံကိုလာရောက်မယ့် ပြည်ပနိုင်ငံသားတွေနေ့စဉ်၀င်ရောက်မှုကို ၅သောင်းသာကန့်သတ်ထားတာကိုလည်း ရုပ်သိမ်းလိုက်ပါတယ်။

အမေရိကန်၊ တောင်ကိုရီးယား၊ ဗြိတိန်တို့အပါအ၀င် ဒေသနဲ့ နိုင်ငံ ၆၈ ခုမှ ကာလတိုလာရောက်မယ့်သူတွေအတွက် ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ကိုလည်း ပြန်လည်စတင်နေပြီဖြစ်ပြီး ယခင်ကအဖွဲ့လိုက်လာရောက်မှုကိုသာ ကန့်သတ်ထားခဲ့ရာမှ တဦးချင်းခရီးသွားတွေကို ၀င်ရောက်ခွင့်ပြုတော့မှာဖြစ်ပါတယ်။

ဒေသတွင်းလေဆိပ်တွေနဲ့ ဆိပ်ကမ်းတွေဟာလည်း နိုင်ငံတကာလေကြောင်းလိုင်းတွေနဲ့ သင်္ဘေတွေကို တဖြည်းဖြည်း ပြန်လည်လက်ခံသွားဖွယ်ရှိနေပါတယ်။အဖျားရောဂါကဲ့သို့ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာတွေ မပြသရွေ့ ခရီးသွားတွေကို ဗိုင်းရပ်စ်စစ်ဆေးမှုပြုလုပ်မှာမဟုတ်တော့ပါဘူး။

ဒါပေမယ့် လာရောက်မယ့် ခရီးသွားတွေအနေနဲ့ ၇၂ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိကြောင်း ဆေးစစ်ချက် သို့မဟုတ် ကာကွယ်ဆေးသုံးကြိမ်ထိုးနှံပြီးစီးထားကြောင်း သက်သေခံချက်ပါရှိရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ကို သွားရောက်ခဲ့ကြတဲ့ ပြည်ပနိုင်ငံသားတွေကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါလရီလကတည်းက ပြည်၀င်ခွင့်ပိတ်လိုက်ပြီးနောက်ပိုင်း ဂျပန်နိုင်ငံသို့လာရောက်ခွင့်နဲ့ပတ်သက်ပြီး ကန့်သတ်ချက်အမျိုးမျိုးချမှတ်ခဲ့ပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW