စက်သုံးဆီ ဂါလန် ၆ သန်းကျော် သီလဝါဆိပ်ကမ်းမှာ ဆီထပ်ချမယ်

အောက်တိုဘာ ၁၁ – ၂၀၂၂
SN (VOM)

ရန်ကုန်တိုင်းအတွင်းက သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီဂါလန် ၆ သန်းကျော် ဆီချလုပ်ငန်းတွေ ထပ်မံဆောင်ရွက်ဦးမယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သိရပါတယ်။

ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၉ ဂါလန်သန်း တင်ဆောင်လာတဲ့ MT Aulac Vision သင်္ဘောနဲ့ ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၆ ဂါလန်သန်း၊ ပရီမီယံဒီဇယ်ဆီ ၁ ဒသမ ၈၆ ဂါလန်သန်း တင်ဆောင်လာတဲ့ MT Yu Yi သင်္ဘောတွေ အခုရက်ပိုင်းအတွင်း သီလဝါဆိပ်ကမ်းကို ထပ်မံဆိုက်ကပ်လာမှာဖြစ်ပါတယ်။

“ဆိပ်ကမ်းမှာ ဆီချတာမှန်တယ်။ ဒါပေမယ့် အခုလက်ရှိ ဆီကိုတော့ သူတို့က တက်ဈေးနဲ့ပဲရောင်းတာလေ။ နောက်တစ်သုတ်မှာမှ ဈေးချပြီးရောင်းမှာလားမသိဘူး။ ဆီဈေးက တက်တာကတော့မြန်တယ်။ ကျတာပဲနှေးနေတာ။ ကျတာကတော့ ခဏပဲ ၃ ၊ ၄ ရက်ပဲကျတာ။ တက်ပြီးရင်‌တော့ ပြန်ကျဖို့မလွယ်ဘူး” လို့ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

လက်ရှိ ပြည်တွင်းစက်သုံးဆီဈေးတွေ မြင့်တက်နေတာဟာ အခုရက်သတ္တပတ်အတွင်း ကမ္ဘာ့စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ဖြစ်တယ်လို့ ကော်မတီက ကြေညာထားပါတယ်။

ကော်မတီအနေနဲ့ စက်သုံးဆီ ဂါလန် ၆ သန်းကျော်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်တွင်လည်းကောင်း၊ ဂါလန် ၈ သန်းကျော်ကို ၂၈ ရက်တွင်လည်းကောင်း၊ ဂါလန် ၂ သန်းကျော်ကို အောက်တိုဘာ ၁ ရက်တွင်လည်းကောင်း သီလဝါဆိပ်ကမ်းမှာ ဆီချခဲ့ပြီးဖြစ်ပါတယ်။

အောက်တိုဘာ ၁၀ ရက်ကလည်း စက်သုံးဆီ ဂါလန် ၂ သန်းကျော်ကို ထပ်မံဆီချခဲ့ပြီး လက်ရှိ စက်သုံးဆီလက်ကျန် အခြေအနေအရ ဆီဖူလုံမှုရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကော်မတီအနေနဲ့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချတဲ့ စက်သုံးဆီအရောင်းဆိုင်တွေကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ (၂၀၁၇) အရ စိစစ် အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးမှာ အောက်တိုဘာ ၁၁ ရက်နေ့ ပေါက်ဈေးအရ ရန်ကုန်မြို့မှာ စက်သုံးဆီ လက်လီတစ်လီတာဈေး အောက်တိန်း 92 Ron တစ်လီတာ ၂၀၂၅ ၊ အောက်တိန်း 95 Ron တစ်လီတာ ၂၀၈၀ ၊ ဒီဇယ်တစ်လီတာ ၂၈၀၀ ၊ ပရီမီယံဒီဇယ် ၂၈၈၅ ဝန်းကျင်မှာ ရှိနေပါတယ်။

ပဲခူးမှာတော့ အောက်တိန်း 92 Ron တစ်လီတာ ၂၀၃၅ ၊ အောက်တိန်း 95 Ron တစ်လီတာ ၂၀၉၀ ၊ ဒီဇယ်တစ်လီတာ ၂၈၁၅ ၊ ပရီမီယံဒီဇယ် ၂၈၉၀ ဝန်းကျင်မှာ ရှိနေပြီး မန္တလေးမှာတော့ အောက်တိန်း 92 Ron တစ်လီတာ ၂၀၇၀ ၊ အောက်တိန်း 95 Ron တစ်လီတာ ၂၁၂၅ ၊ ဒီဇယ်တစ်လီတာ ၂၈၅၅ ၊ ပရီမီယံဒီဇယ် ၂၉၃၀ ဝန်းကျင်မှာ ရှိနေပါတယ်။

နေပြည်တော်မှာတော့ အောက်တိန်း 92 Ron တစ်လီတာ ၂၀၆၅ ၊ အောက်တိန်း 95 Ron တစ်လီတာ ၂၁၂၅ ၊ ဒီဇယ်တစ်လီတာ ၂၈၅၅ ၊ ပရီမီယံဒီဇယ် ၂၉၃၀ ဝန်းကျင်မှာ ရှိနေပြီး မကွေးမှာတော့ အောက်တိန်း 92 Ron တစ်လီတာ ၂၀၇၀ ၊ အောက်တိန်း 95 Ron တစ်လီတာ ၂၁၂၅ ၊ ဒီဇယ်တစ်လီတာ ၂၈၅၅ ၊ ပရီမီယံဒီဇယ် ၂၉၃၀ ဝန်းကျင်မှာ ရှိနေပါတယ်။

Photo – CN
#voiceofmyanmar #VOM #စက်သုံးဆီကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW