တစ်ကျပ်သား ၂၅ သိန်းနှုန်းနဲ့ ရွှေ ၁၂ ဒသမ ၇၇ ပိဿာ ရောင်းချပေးဖို့စီစဉ်ထားတယ်လို့ ရွှေအသင်း ပြော

အောက်တိုဘာ ၁၂ – ၂၀၂၂
SN (VOM)

မီးလင်းရွှေ တစ်ကျပ်သား ၂၅ သိန်းနှုန်းနဲ့ စုစုပေါင်း ရွှေ ၁၂ ဒသမ ၇၇ ပိဿာ ရောင်းချပေးဖို့စီစဉ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

အသင်းရုံးတည်ရှိရာ အမှတ် ၄၂/ ၅၀၊ ပထမထပ်၊ ရွှေဘုံသာလမ်း (အောက်)၊ ပန်းဘဲတန်းမြို့နယ်မှာ ရွှေအရောင်းပွဲတော်ပြုလုပ်ပြီး ရောင်းချပေးနေတာဖြစ်ပြီး အခု ရောင်းချပေးဖို့ သတ်မှတ်ထားတဲ့ ရွှေပိဿာချိန် မကုန်မချင်း ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ရောင်းပေးမှာကတော့ စုစုပေါင်း ၁၂ ဒသမ ၇၇ ပိဿာ‌ပါ။ လူတစ်ဦးကို ၁၀ သား၊ တစ်ကျပ်သားကို ၂၅ သိန်းနှုန်းနဲ့ ရောင်းပေးတာပါ။ ဒီနေ့ ရောင်းလို့ ကျန်တဲ့ဟာကို မနက်ဖြန်ရောင်းပေးမယ်။ အခု ရောင်းပေးနေတာက အပြင်ဈေးနဲ့ ၁၀ သိန်းလောက်ကွာတော့ တန်းစီတိုးနေတာပဲ” လို့ YGEA ဥက္ကဋ္ဌက ပြောပါတယ်။

အခုလို ရွှေရောင်းချပေးတာကို ဘဏ်နဲ့ ချိတ်ဆက် လုပ်ဆောင်နေတာဖြစ်ပြီး အဲ့ဒီ့ရွှေတွေဟာ ရွှေလုပ်ငန်းရှင် ၂၄ ဦးက စိုက်ထုတ်ပေးထားတဲ့‌ ရွှေတွေဖြစ်တယ်လို့ သူက ပြောပါတယ်။

“မှတ်ပုံတင်၊ သန်းခေါင်စာရင်းပါရင် ဒီမှာ တိုကင်ယူမယ်။ ယူပြီးရင် ဘဏ်မှာငွေသွင်းမယ်။ ဘဏ်ကချလန်နဲ့ ဒီမှာပစ္စည်းထုတ်ပေးမယ်။ ပစ္စည်းထုတ်ပေးပြီးရင် ပြီးပြီပေါ့။ ကျွန်တော်တို့ကလည်း သူတို့သွင်းတဲ့ငွေကို မနက်ကတည်းက ပစ္စည်းလာအပ်ပြီးတော့ ရောင်းခိုင်းတဲ့လူကို ချက်လက်မှတ်နဲ့ပြန်ပေးတယ်။ အားလုံးအဝင်အထွက် ချက်လက်မှတ်တွေနဲ့ချည်းပဲ” သူက ပြောပါတယ်။

ပြင်ပဈေးကွက်အတွင်း အောက်တိုဘာ ၁၂ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းရွှေဈေးနှုန်းမှာ ကျပ် ၂,၆၀၅,၀၀၀ ဖြစ်ပြီး ရွှေအသင်းက ထုတ်ပြန်တဲ့ဈေးမှာတော့ ကျပ် ၁,၉၅၈,၀၀၀ ဖြစ်တာကြောင့် ပြင်ဈေးကွက်ပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင် ကျပ် ၆၄၇,၀၀၀ ကွာဟနေပါသေးတယ်။

အောက်တိုဘာ ၁၂ ရက်နေ့ ကမ္ဘာ့ရွှေဈေးမှာတော့ တစ်အောင်စ ၁၆၆၄ ဒေါ်လာဖြစ်ပြီး အမေရိကန် တစ်ဒေါ်လာ ရောင်းဈေး ၂၉၃၀ ၊ ဝယ်‌ဈေး ၂၈၈၀ ရှိ‌တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေအသင်း #ရွှေဈေးကွက်

Related posts

Leave a Comment

VOM News

FREE
VIEW