သူရဦးရွှေမန်း တည်ထောင်ခဲ့တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ(UPB)ကို ဖျက်သိမ်း

အောက်တိုဘာ ၁၂-၂၀၂၂
KK(VOM)+KT(VOM)

သူရဦးရွှေမန်း ဦးဆောင်တည်ထောင်ထားတဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဖျက်သိမ်းဖို့ ဗဟိုအလုပ်အမှုဆောင်တွေက ဆုံးဖြတ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပါတီခေါင်းဆောင်တွေအနေနဲ့ အသက်အရွယ်ကြီးရင့်
လာကြပြီး ကျန်းမာရေးချို့တဲ့သူများရှိသလို လူမှုရေးနဲ့ အခြားအခက်အခဲများရှိပြီး ပါတီနိူင်ငံရေးကို ဆက်လက်လုပ်ဆောင်ရန်ဆန္ဒမရှိခြင်းကြောင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့က ဖျက်သိမ်းဖို့သဘောတူညီခဲ့ကြတာဖြစ်တယ်လို့ ပါတီခေါင်းဆောင်တဦးက VOM ကို ပြောပါတယ်။

“မနေ့ကပဲ စာတင်လိုက်တာပါ ဖျက်သိမ်းရတာက ခေါင်းဆောင်က အသက်အရွယ်လည်း ကြီးနေပြီ၊ ပါတီတစ်ခုတည်ထောင်တယ်ဆိုတာ ငွေကြေးကလည်း လိုအပ်တယ်၊ အခြားပါတီတွေလို စီးပွားရေးအင်အားတောင့်တင်းခိုင်မာမှုမရှိဘူး၊ ပါတီဝင်တွေအနေနဲ့လည်း ငွေကြေးတက်နိုင်စွမ်းမရှိဘူး၊ အစစအရာရာတွေးပြီးတော့ ဖျက်သိမ်းလိုက်တာပါ”လို့ သူကရှင်းပြပါတယ်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာဟာ လက်တလောနိူင်ငံရေးအခြေအနေအရ လုပ်သင့်တာကို လုပ်လိုက်တာလို့ ပြည်ခိုင်ဖြိုးပါတီက အမည်မဖော်လိုသူ ကိုယ်စားလှယ်ဟောင်းတဦးက VOM ကိုပြောပါတယ်။

“ကိုရွှေမန်းတို့ပါတီဖျက်သိမ်းလိုက်တာ စိတ်ထဲမကောင်းပေမယ့် လက်တလော နိူင်ငံအခြေအနေနဲ့ပြန်တွက်ရင် မှန်ကန်တယ်လို့မြင်တယ်၊ ရွေးကောက်ပွဲမှာ ဘာတွေဖြစ်လာမလဲဆိုတာမသိဘူး၊ အဲ့ဒီဒုက္ခတွေ မကြုံရတော့ဘူးပေါ့ဗျာ”လို့ ပြောပါတယ်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UPB)ကို တည်
ထောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရရွှေမန်းဟာ ယခင်ကပြည်ခိုင်ဖြိုးပါတီဝင်တဦးဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ ဇေယျာသီရိမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီးနောက် အနိူင်ရရှိကာ ပထမအကြိမ်လွှတ်တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီမှာ ၂၀၁၃ ခုနှစ် မေလ ၁ ရက်မှ ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့အထိ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂ဝ၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ ထပ်မံဝင်ရော
က်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီမှခွဲထွက်ကာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရရွှေမန်းအပါအဝင် (၁၉)ဦးဟာ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UPB) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ လျှောက်ထားခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ ပါတီတည်ထောင်ခွင့်ကိုကော်မရှင်က ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)မှ ကိုယ်စားလှယ်လောင်း ၉၂၄ ယောက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် တနေရာမှ အနိုင်မရရှိခဲ့ပါဘူး။

#voiceofmyanmar #VOM #UBPပါတီဖျက်သိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW