ပခုက္ကူ – ဆိပ်ဖြူကားလမ်းမှာ ဘုန်းကြီးကား မိုင်းထိမှန်ပြီး ရဟန်း ၁ ပါး ပျံတော်မူ ၊ ၃ ပါး ဒဏ်ရာရ

အောက်တိုဘာ ၊၁၇ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ၊ ညောင်လှကျေးရွာအနီး ပခုက္ကူ – ဆိပ်ဖြူကားလမ်းမှာ မနေ့ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက ဘုန်းကြီးကား တစီးမိုင်းထိမှန်ပြီး ကားပေါ်ပါ ဘုန်းကြီး ၄ ပါးအနက် ၁ ပါး ပျံလွန်တော်မူကာ ကျန် ၃ ပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပခုက္ကူမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ပခုက္ကူ-ဆိပ်ဖြူကားလမ်းက ညောင်လှရွာအဝင် ရေကျော်နားမှာဖြစ်တာပါ ၊ မိုင်းကွဲပြီး ကားကိုထိမှန်တယ် ၊ ကားရပ်သွားတဲ့အခါ ကားထဲကို ရှေ့တည့်တည့်ကနေ သေနတ်နဲ့ပစ်တာဖြစ်တယ် ၊ ကားပေါ်မှာက ဘုန်းကြီး ၄ ပါး လိုက်ပါလာတယ်၊ အဲ့ဒီအထဲက ဆရာတော် ဥူးနန္ဒာစရိယ ကတော့ မိုင်းစထိမှန်ပြီး နေရာမှာတင် ပျံလွန်တော်မူသွားတယ် ၊ ကျန်တဲ့ ဥူးပညာဇောတ ၊ ဥူးဣိန္ဒာစာရနဲ့ ဥူးဝိစာရ ၃ ပါးက အသက်အန္တရာယ်စိုးရိမ်ရ ဒဏ်ရာတွေရထားတယ် ” လို့ ပခုက္ကူမြို့ခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ပခုက္ကူမြို့မှာ သီးတင်သုံးနေတဲ့ ပရိယတ္တိ စာချ ဆရာတော်တပါးက”ဝါကျွတ်ကာလဆိုတော့ ဇာတိရွာတွေက ကန်တော့ခံဖို့ ပင့်ဖိတ်ကြတာတွေရှိတယ် ၊ ပခုက္ကူဆိုတာက ပရိယတ္တိစာသင်သားရဟန်တွေ စုဝေးသီတင်းသုံးရာ နေရာဖြစ်တယ် ၊ ပခုက္ကူမရောက် စာမပေါက်လို့တောင် သံဃာလောကမှာ ဆိုစကားရှိတယ် ၊ ဝါကျွတ်ကာလ ရွာတွေမှာ ကန်တော့ခံကြွရင်း အခုလိုဖြစ်တာပါ ” လို့ မိန့်တော်မူပါတယ်။

ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ပခုက္ကူ အမှတ် ၁၂ ရပ်ကွက်မှာရှိတဲ့ မဟာဝိသုတာရာမကျောင်းတိုက်က ဘုန်းကြီးကား မိုင်းထိမှန်ပြီး ပစ်ခတ်ခံရတာဖြစ်တယ် ၊ သတင်းရတာနဲ့ ချက်ချင်းပဲ ရှာဖွေကယ်ဆယ်ရေးနဲ့ နယ်မြေရှင်းလင်းရေး လုပ်ခဲ့တယ် ၊ အဲ့ဒီ မိုင်းထိမှန်ထားတဲ့ကားအနီးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်း ၁၀ လုံးကျော်တွေ့ရလို့ သက်မဲ့လုပ် ရှင်းလင်းဖယ်ရှားခဲ့ရတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ အောက်တိုဘာ ၁၆ ရက်ည ၈ နာရီဝန်းကျင်ကလည်း ကချင်ပြည်နယ် ၊ မိုးကောင်းမြို့ ၊ ရေရှင်လေးမိုင် ၊ သဒ္ဓမ္မပါလ ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ဗုဒ္ဓဘာသာ တောင်တန်းဒေသ သာသနာ့ပြု့ ဆရာတော် ဘဒ္ဒန္တ သီလာန သက်တော် ၅၇ ၊ ဝါတော် ၃၇ ဝါဟာ ကျောင်းထဲမှာရှိနေတဲ့အချိန် အမည်မသိ လက်နက်ကိုင်အဖွဲ့ ဝင်ရောက်ပစ်သတ်ခဲ့တာကြောင့် ပျံလွန်တော်မူတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW