မုံရွာ – မန္တလေးကားလမ်းမှာ ခရီးသည်တင်ကား ၂ စီး မိုင်းထိမှန် ၊ ခရီးသည် ၁၀ ဦးထက်မနည်း ဒဏ်ရာရ

အောက်တိုဘာ ၁၈ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ အောင်ချမ်းသာကျေးရွာနဲ့ နတ်ရေကန်ကျေးရွာအနီး မုံရွာ -မန္တလေး ကားလမ်းမှာ မနေ့ အောက်တိုဘာ ၁၇ရက်က မိုင်းပေါက်ကွဲတာတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး ခရီးသည်တင်ကား ၂ စီး မိုင်းထိမှန်ကာ ခရီးသည် ၁၀ ဦးထက်မနည်း မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ မုံရွာအဝေးပြေး ခရီးသည်တင် ယာဥ်ရပ်နားစခန်းဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၃ နာရီဝန်းကျင်မှာ မုံရွာ မန္တလေးကားလမ်း နတ်ရေကန်ရွာနားမှာ မိုင်းကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် မုံရွာ မန္တလေး ခရီးသည်တင်ပြေးဆွဲနေတဲ့ ရွှေမဟာ ရွှေဇင်ယော် ကားအသင်းက ခရီးသည်တင်ကား ထိမှန်ပြီး ကားပေါ်ပါ ခရီးသည် ဦးအောင်မြင့်သောင်း မိုင်းစထိမှန် ဒဏ်ရာရတယ်။ ဒါ့အပြင် ညနေ ၅ နာရီဝန်းကျင်မှာ မုံရွာ မန္တလေးကားလမ်း အောင်ချမ်းသာကျေးရွာနားမှာ နောက်တကြိမ် မိုင်းထပ်မံ ပေါက်ကွဲတယ် ၊ အဲ့ဒီပေါက်ကွဲမှုမှာ မုံရွာ – ရန်ကုန် ခရီးသည်တင် တင့်တိုင်းအောင် Express ကား မိုင်းထိမှန်ပြီး ကားပေါ်ပါ ခရီးသည် ဦးဘိုကြည်ငွေ၊ ဦးဇော်စိုးမင်း၊ ဦးအုပ်ဆွမ်ခမ်း တို့ မိုင်းစထိမှန် ဒဏ်ရာရတယ် ၊ မိုင်းစထိမှန်တဲ့ ခရီးသည် အားလုံး ၁၀ ဦးထက်မနည်း ရှိတယ် ၊ ဒဏ်ရာအမျိုးအစားပဲကွာတယ် ” လို့ မုံရွာ အဝေးပြေးယာဥ်ရပ်နားစခန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲ့ဒီ မိုင်းပေါက်ကွဲတာတွေ ဆက်တိုက်ဖြစ်ပွားပြီးတဲ့နောက် မုံရွာ မန္တလေး ကားလမ်းပိုင်းကို စစ်ကြောင်းအဖွဲ့က နယ်မြေရှင်းလင်းတာတွေ လုပ်တဲ့အခါ မပေါက်ကွဲသေးတဲ့ မိုင်းတွေ အများအပြားတွေ့ရတာကြောင့် သက်မဲ့ပြုလုပ်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မုံရွာ – မန္တလေးကားလမ်းပိုင်းမှာ ဒီနှစ် ၁၀ လအတွင်း မိုင်းပေါက်ကွဲတာတွေကြောင့် ခရီးသည် ၁၂ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ချောင်းဦး

Related posts

Leave a Comment

VOM News

FREE
VIEW