ခန္တီးမြို့မရဲစခန်းမှာ အချုပ်ခန်းဖောက်ပြီး အချုပ်သား ၁၄ ဦး ထွက်ပြေး၊ ၅ယောက် ပြန်ဖမ်းမိ

အောက်တိုဘာ ၊ ၁၈ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ခန္တီးမြို့ ၊ ခန္တီးမြို့မရဲစခန်းမှာရှိတဲ့ အချုပ်ခန်းကို ဖောက်ထွင်းပြီး အချုပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားတဲ့ဖြစ်စဥ်
ဒီကနေ့မနက် ၃ နာရီဝန်းကျင်က ဖြစ်ပွါးခဲ့တယ်လို့ ခန္တီးခရိုင်ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

” ဒီမနက် ၃ နာရီဝန်းကျင်လောက်မှာ အချုပ်ခန်းဖောက်ခံရတာပါ ၊ အချုပ်ခန်း ထောင့်က သံတိုင်တချောင်းကို ဖြတ်တောက် ဖောက်ထွင်းပြီး ထွက်ပြေးသွားတာ အချုပ်သား ၁၄ ယောက်ဖြစ်တယ် ၊ အဲ့ဒီထဲက ဒီမနက်မှာ အချုပ်သား ၅ ယောက် ပြန်မိတယ် ၊ ၉ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ် “လို့ ခန္တီးရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

ရဲစခန်းနဲ့ နီးစပ်သူတယောက်က ” ခန္တီးရဲစခန်း အချုပ်ခန်းထဲမှာက လက်နက်မှု ၊ အကြမ်းဖက်မှုနဲ့ မူးယစ်ဆေးဝါး အမှု အချုပ်တရားခံတွေပဲ အများစုရှိတာ ၊ အခုထွက်ပြေး လွတ်မြောက်နေတဲ့ အချုပ်သားတွေထဲမှာ အကြမ်းဖက်မှုနဲ့ အချုပ်ခံထားရသူတွေ ပါတယ်လို့ ကြားရတယ် ၊ အတိအကျတော့ မသိရသေးဘူး ၊ လုံခြုံရေးတွေ တင်းကြပ်ထားတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့ရုံးမှာ ချုပ်ထားတဲ့ အချုပ်သားတွေကို မန္တလေးအိုးဘိုအကျဥ်းထောင် ပို့ဆောင်ချိန် မြစ်ငယ်တံတားနားမှာ အချုပ်ကားပေါ်ကနေ အချုပ်သားတချို့ ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ ပခုက္ကူအကျဥ်းထောင်မှာရှိတဲ့ အချုပ်ဆောင်ဟာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဖောက်ထွင်းဖျက်ဆီးခံရပြီး အချုပ်သား ၄ ဦးနဲ့ ပြစ်ဒဏ်ကျ အကျဥ်းသား ၁ ဦး တို့ ထွက်ပြေးလွတ်မြောက်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ခန္တီး #အချုပ်သားထွက်ပြေးမှုဖြစ်စဥ်

Related posts

Leave a Comment

VOM News

FREE
VIEW