တရားစွဲဆိုခဲ့ပြီးဖြစ်တယ်လို့ ကြေညာထားတဲ့ နိုင်ငံခြားငွေ ရောင်းဝယ်ရေးတချို့ ပုံမှန်အတိုင်း အရောင်းအဝယ် ပြုလုပ်လျက်ရှိနေသေးတယ်လို့ သိရ

အောက်တိုဘာ ၁၈-၂၀၂၂
SN (VOM)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားစွဲဆိုနိုင်ရေး ဆောင်ရွက်ပြီးဖြစ်တယ်လို့ ကြေညာထားတဲ့ နိုင်ငံခြားငွေ ရောင်းဝယ်ရေးလုပ်ငန်းတချို့က ပြင်ပမှာ ပုံမှန်အတိုင်း အရောင်းအဝယ် ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

တရားဝင် နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်နေတဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ အရ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်ပြီးဖြစ်တယ်လို့ ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားတာပါ။

လက်ရှိမှာ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်ပြီးဖြစ်တဲ့ လူမှုကွန်ရက်စာမျက်နှာ နှစ်ခုကတော့ Perfect Money နဲ့ B to P Money exchange တို့ဖြစ်ပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ ကို ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိတဲ့အတွက် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂ အရ တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ကသာ တရားစွဲမယ်လို့သာပြောနေတာ။ အပြင်မှာတော့ ပုံမှန်အတိုင်း ရောင်းဝယ်နေကြတာပဲ။ သူတို့ပြောတဲ့ အရေးယူမယ်ဆိုတဲ့ ပေ့ချ်ကိုဖွင့်ကြည့်တော့လည်း ပွင့်နေသေးတယ်။ တချို့ပေ့ချ်တွေက အရောင်းအဝယ်လုပ်တာမဟုတ်ဘဲ တစ်နေ့တာဖြစ်တည်နေတဲ့ ရွှေ၊ ငွေစျေးတွေကို ဖော်ပြတာမျိုးတွေလည်းရှိတယ်”လို့ နိုင်ငံခြားငွေ ဝယ်/ရောင်းလုပ်နေသူတဦးက ပြောပါတယ်။

ဒါ့အပြင် တခြားလူမှုကွန်ရက် စာမျက်နှာတွေဖြစ်တဲ့ Black Market Rate ၊ USD Exchange Rate ၊ Golda and Forex Trading အပါအဝင် Facebook စာမျက်နှာ ၁၅ ခုကိုလည်း ဆက်လက်တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ့ လူမှုကွန်ရက်စာမျက်နှာ ၁၅ ခုကိုတော့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ ကို ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိတဲ့အတွက် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂ အရ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

“အစကတည်းက ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ငွေကြေးဖောင်းပွမှုတည်ငြိမ်ဖို့ သူတို့ကတော့ သူတို့နည်းသူတို့ဟန်နဲ့ နည်းလမ်းပေါင်းစုံ အကုန်သုံးမှာပဲလို့။ ဖြစ်နိုင်မလား၊ ဖြစ်နိုင်ချေရှိလား အထင်နဲ့ ထုတ်ပြန်ချက်‌တွေ တစ်‌စောင်ပြီးတစ်‌စောင်ထုတ်ပြီး စမ်းတဝါးဝါးနဲ့ သွားနေတာပဲ။ အခုထိတော့ ဘာမှ ဖြစ်မလာသေးဘူး”လို့ စီးပွားရေးပညာရှင်တဦးက သုံးသပ်ပြောဆိုပါတယ်။

ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းရွှေဈေးကို အချိန်နဲ့အမျှ အတက်အကျပြုလုပ်ပြီး တည်ငြိမ်မှု မရှိအောင် ဈေးကစားနေသူတွေကိုလည်း စိစစ်ဖော်ထုတ်ပြီးတော့ သက်ဆိုင်ရာ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားထားပါသေးတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #နိုင်ငံခြားငွေရောင်းဝယ်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW