အင်းစိန်အကျဥ်းထောင်အတွင်း ဗုံးပေါက်မှု ၈ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရ

 

ရန်ကုန်၊အောက်တိုဘာ ၁၉ ၊၂၀၂၂
GG +KK(VOM)

အင်းစိန်အကျဥ်းထောင်အတွင်း ဒီကနေ့ မနက် ကိုးနာရီခွဲက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ ဝန်ထမ်း၃ဦးအပါအဝင် ၈ဦးသေဆုံးခဲ့ပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အကျဥ်းဦးစီးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အင်းစိန်ထောင်အဝင်အထွက် အတွင်းနဲ့အပြင်မှာ ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဝန်ထမ်း၃ဦးအပါအဝင် ၈ဦးသေဆုံးခဲ့ပြီး ဝန်ထမ်းလေးဦးအပါအဝင် ၁၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထောင်နဲ့နီးစပ်သူတဦးက VOM ကိုပြောပါတယ်။

“အရင်ဆုံးကြားတာ ဝန်ထမ်း ၃ဦးသေပြီး ခုနှစ်ဦးဒဏ်ရာရတယ်၊ နောက်ထပ်သိရတာက ထောင်ဝင်စာပို့တဲ့ အမျိုးသမီး ၅ဦးသေတယ် ၄ ဦးဒဏ်ရာရတယ်၊ နောက်ထပ်ဗုံးတွေ့တယ် အခုဆေးရုံက လူနာအချို့လည်း ထပ်သေတယ်ကြားတယ်၊ သတင်းကရှုပ်နေတော့ အတည်ပြုမရဘူး “လို့ ပြောပါတယ်။

အင်းစိန်အကျဥ်းထောင်အတွင်း ဗုံးပေါက်ကွဲပြီးနောက် ပစ်ခတ်မှု့အချို့ ဖြစ်ခဲ့တယ်လို့ အင်းစိန်မြို့နယ်အတွင်းနေထိုင်သူတဦးက VOM ကို ပြောပါတယ်။

“သေနတ်သံတွေတော့ ကြားတယ် ဘာကြောင့်ပစ်တယ်ဆိုတာတော့ မသိဘူး၊ ထောင်ထဲကို လူနာတင်ယာဥ်တွေ ဝင်သွားတွေ့တယ်”လို့ ရှင်းပြပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်မှ ထပ်မံရှင်းလင်းရာ ပါဆယ်ပို့တဲ့နေရာမှာ လက်လုပ်ဗုံးထပ်မံတွေ့ရှိခဲ့တယ်လို့ ထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အင်းစိန်ထောင်ဗုံးပေါက်ကွဲမှုနဲ့ပတ်သတ်ပြီး သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရှိမှုအခြေနေကို နစကကောင်စီမှ ထုတ်ပြန်ကြေညာခြင်းမရှိပေ။

ဗုံးကွဲလို့သေဆုံးထိခိုက်သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တချို့လည်း ပါဝင်တယ်လို့သိရပါတယ်။

ထောင်ပေါက်ကွဲမှုမှာ နိူင်ငံရေးအကျဥ်းသားတစ်ဦးဖြစ်သူကိုဂျိမ်း(ခ) ကိုလင်းထက်နိူင် မိခင်လည်းသေဆုံးခဲ့တယ်လို့ နိူင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက VOM ကိုပြောပါတယ်။

“အမေကြည် ဒီနေ့ ဗုံးပေါက်တဲ့အထဲမှာ ဆုံးသွားတယ် သုံးနာရီခွဲလောက် DB သွားထုတ်ရမယ်လို့ သူ့မိသားစုဝင်တွေက ပြောတယ်”လို့ ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ အင်းစိန်အကျဥ်းထောင်နဲ့အနီးတဝိုက် စစ်တပ်နဲ့ရဲတွေ လုံခြုံရေးတိုးမြှင့်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ လတွေကလည်း အင်းစိန်အကျဥ်းထောင်မှာ ပစ်ခတ်မှု့အချို့နဲ့ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ဝန်ထမ်းအချို့သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #အင်းစိန်ထောင်ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW