ဧရာဝတီတိုင်းက နေလှန်းဆား လုပ်ငန်းတွေ အရှုံးပဲပေါ်နေလို့ ဒီနှစ်မှာ လုပ်ငန်း ပြန်မလုပ်နိုင်

အောက်တိုဘာ၊၂၁-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်းထဲက နေလှန်းဆားလုပ်ငန်း လုပ်ကိုင်ကြတဲ့ ဆားလုပ်ငန်းရှင်တွေဟာ အရှုံးပဲပေါ်နေတာကြောင့် ဒီနှစ် ဆားရာသီအစမှာ လုပ်ငန်း ပြန်မလုပ်နိုင်တော့ဘဲ နေလှန်းဆား လုပ်ငန်းရှင်တချို့ ရပ်နားလိုက်ရတယ်လို့ ဆားလုပ်ငန်းရှင်တွေကပြောပါတယ် ။

ဧရာဝတီတိုင်းမှာ နေလှန်ဆား ထုတ်လုပ်တဲ့ လုပ်ငန်းကို နှစ်စဉ် အောက်တိုဘာလမှာ စတင်လုပ်ကိုင်ကြ တာဖြစ်ပေမယ့် ဒီနှစ်မှာတော့ ဆားလုပ်ငန်းတချို့ ရပ်နားလိုက်ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဆားလုပ်ငန်းရှင်တွေဟာ ပြီးခဲ့တဲ့ ၂နှစ်ဆက်တိုက် ရာသီဥတုဖောက်ပြန်ပြီး ဆားကွင်းဖျက်မိုးတွေ ကြုံတာ၊ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ ဆားလုပ်ငန်းမှာ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုတွေကြောင့် အရှုံးနဲ့ပဲရင်ဆိုင်ခဲ့ကြရပြီး ဒီနှစ် ဆားရာသီအစမှာလည်း ၊ လုပ်သားခဈေး တက်လာတာ၊ စက်သုံးဆီဈေးတက်တာ ၊ ဆားဝယ်လက်တွေလျော့သွားတာ၊ ဆားကွင်းတွေမှာ လူစု လူဝေး မလုပ်ရဲတာ စတဲ့အကြောင်းအရင်းတွေနဲ့ အထွေထွေ ကုန်ကျစရိတ် ကြီးမြင့်မှုဒဏ်ကို ထပ်မံရင်ဆိုင်နေရတာကြောင့်ရပ်နားလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

“ဆားဈေးကလည်း အကျဘက်မှာပဲရှိတယ် ၊အခု ပိသာ ၁၀၀ ကို၂ သောင်းပဲရှိတယ် ၊ အရင်က ပိသာ ၁၀၀ ကို ၄၅၀ အထိရှိခဲ့တယ် ၊ မနှစ်က ဆားလုပ်ငန်း ရာသီစတင်တဲ့ အချိန်မှာလည်း မုန်တိုင်းဒဏ်ကြောင့် ဆားတွေ အပြည်အဝ မကျုံးခဲ့ရဖူး ၊ ကျုံးလို့ ရခဲ့တဲ့ ဆားတွေကလည်း သဘာဝဘေးဒဏ်ကြောင့် အရည်အသွေး မကောင်းဘူး ၊ မနှစ်က တစ်ရာသီ ဆား ပိသာချိန် ၆ သိန်းလောက်မှန်းခဲ့တာ ၄ သိန်းလောက်ပဲ ထွက်တော့ အဲ့ဒီမှာပဲ ရှုံးနေပြီ ၊ ဒီလို အခက်အခဲကြုံနေရတာကလည်း ၂ နှစ်ဆက်တိုက်ဖြစ်နေပြီ ၊ အရှုံးနဲ့ပဲ ရင်ဆိုင်နေရတာ ၊ အကျိုးအမြတ်က ရတဲ့ နှစ်ကို မရှိဘူး ၊ အခုလည်း လုပ်ငန်းစတင်ရာတော့မှာ စက်သုံးဆီဈေးနဲ့ အခြား အထွေထွေကုန်ကျစရိတ်တွေ တွက်ကြည့်တာ အဆင်ပြေဘူး ၊ ကုန်ကျစရိတ်က ပိုများနေတယ် ၊အရှုံးနဲ့ ထပ်ရင်ဆိုင်ရမှာမို့ နားလိုက်တာ ။”လို့ ငပုတောမြို့နယ်မှ ဆားလုပ်ငန်းရှင်တဦးကပြောပါတယ် ။

ဧရာဝတီတိုင်းမှာ ငပုတောမြို့နယ်က ကျေးရွာ ၂၀ ကျော် နဲ့ လပွတ္တာမြို့နယ်က ကျေးရွာ ၂၀ လောက် ဆားလုပ်ငန်း ကို အဓိက လုပ်ကိုင်ကြတာဖြစ်တယ်လို့သိရပြီး နေလှန်း ဆားလုပ်ငန်းဟာ မိရိုဖလာအလုပ်တစ်ခုဖြစ်တာကြောင့် အရှုံးခံပြီး လုပ်ကိုင်နေခဲ့ပေမယ့် ဒီနှစ်မှာတော့ ထပ်ပြီး အရှုံးမခံနိုင်တော့လို့ လုပ်ငန်းတွေ ရပ်နားလိုက်တာဖြစ်တယ်လို့ လပွတ္တာမြို့နယ်မှ ဆားလုပ်ငန်းရှင်တဦးကပြောပါတယ်။

”ကျွန်မတို့ ဒီနေလှန်းဆားလုပ်ငန်းက မိရိုးဖလာ လုပ်ငန်းတစ်ခုပါ ၊ အတတ်နိုင်ဆုံး အရှုံးအမြတ်မကြည့်ဘဲ လုပ်ခဲ့တာ ၊ အခုနှစ်တော့ ဘယ်လိုမှမတတ်နိုင်တော့လို့ ရပ်နားလိုက်ရတာ ၊ အရင်နှစ်တွေ ၂ နှစ်ဆက်တိုက် ၁နှစ်ကို သိန်း ၂၀ လောက်အရှုံးရှိခဲ့တယ် ၊ ဒီလောက်အရှုံးရှိလာတော့ မိရိုဖလာလုပ်ငန်းလည်း မဖက်တွယ်နိုင်တော့ဘူး ၊ နိုင်ငံရေးကြောင့် ဆားဝယ်လက်တွေကလည်း အရင်ကလောက် မသုံးကြတော့ဘူး ။”လို့ သူမက ဆက်ပြောပါတယ်။

ဆားကို အဓိကဝယ်ယူအသုံးပြုတဲ့ ငါးပိ ၊ ငါးခြောက် ၊ ငံပြာရည် လုပ်ငန်းတွေဘက်ကလည်း သူတို့ လုပ်ငန်း တွေမှာ ကိုဗစ်-၁၉ ရောဂါနဲ့ နိုင်ငံရေးပြောင်းလဲတဲ့ ဖြစ်စဉ်တွေကြောင့် ထိခိုက်နေလို့ လုပ်ငန်းတွေမလည် ပတ်နိုင်တာကြောင့် အရင်ကလောက် အသုံးမပြုတော့
ဘူးလို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ နေလှန်းဆား ဧကသိန်းချီရှိတယ်လို့သိရပြီး ထွက်ရှိလာတဲ့ နေလှန်းဆားတွေကိုတော့ ဆားလုပ်တဲ့နှစ်တွေမှာ နေပြည်တော်၊ မန္တလေး၊ ရန်ကုန် အပါအဝင် တိုင်းနဲ့ပြည်နယ် အသီးသီးကို တင်ပို့ရောင်းချနေတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဆားလုပ်ငန်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW