မအူပင်မှာ အသက် ၁၈ နှစ်အောက် ၄ ဦးအပါအဝင် နိုင်ငံသားအထောက်အထားမဲ့သူ ၅၄ ဦးဖမ်းမိ

အောက်တိုဘာ၊ ၂၃-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ အောက်ထုံးကျေးရွာအနီး တိုးမြစ်အတွင်းကနေ ဝင်လာတဲ့ အသက် ၁၈ နှစ်အောက်နိုင်ငံသား အထောက်အထားမဲ့သူ ၄ ယောက်အပါအဝင် အထောက်အထားမဲ့သူ ၅၄ ယောက်ကို မနေ့ အောက်တိုဘာ ၂၂ ရက်က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

”မနေ့က ဖမ်းမိတာပါ ၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဖမ်းမိတာ အားလုံး ၅၄ ယောက်တဲ့ ၊ ကလေး ၄ ယောက်လည်း ပါတယ် ၊ စက်လှေနဲ့ မောင်းလာတဲ့ အချိန် တိုးမြစ်ထဲမှာ ဖမ်းမိတာ ၊ ကိုဗစ်နဲ့အခြား လိုအပ်တာ တွေစစ်ဆေးပြီး ထိန်းသိမ်းထားတယ်လို့သိရတယ်။”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက VOMကိုပြောပါတယ်။

ဖမ်းဆီးခံရမိတဲ့ အထောက်အထားမဲ့သူတွေမှာ အမျိုးသား ၃၇ ယောက် ၊ အမျိုးသမီး ၁၃ ယောက်နဲ့ အသက် ၁၈ နှစ်အောက် ကလေး ၄ ယောက်ဖြစ်ပြီး
အထောက်အထားမဲ့သူတွေကို စက်လှေနဲ့လာပို့တဲ့သူ စက်လှေသမား ၄ လောက်လည်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

”တိုးမြစ်ထဲမှာ စစ်ဆေးတာတွေက နေ့တိုင်း လုပ်နေတာ၊ အထောက်အထားမဲ့သူတွေနဲ့အတူ စက်လှေ အငှားလိုက်ပို့တဲ့သူ ၄ ယောက်လည်း ဖမ်းမိခဲ့ တယ် ၊ သူတို့က ရန်ကုန်ကို သွားမလို့တဲ့ ၊ရခိုင်ပြည်နယ် ကလာတာတဲ့ ၊ ဥပဒေနဲ့ အညီ စစ်ဆေးနေတယ်လို့ သိရတယ်။”လို့ ၎င်း က VOMကိုဆက်ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ အထောက်အထားမဲ့သူ ၅၄ ယောက်နဲ့ စက်လှေ အငှားလိုက်ပို့တဲ့သူ ၄ ယောက် အားလုံး ၅၈ ယောက်ကို မအူပင်မြို့နယ်၊ ရွှေတောင်မှော်တိုက်နယ် နယ်မြေ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်ကလည်း ကိုဗစ်ကူးစက် ခံထားရတဲ့သူ ၃ ယောက်အပါအဝင် မြောင်းမြမြို့ကို စက်လှေနဲ့ဝင်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၄၂ ယောက်ကို ဖမ်းမိခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၀ ရပ်ကွက်၊ ဧရာဝတီလမ်းရှိ နေအိမ်တစ်အိမ်မှာလည်း အောက်တိုဘာ ၂၀ရက် ညပိုင်းက အထောက်အထားမဲ့ ဝင်ရောက်လာသူ အယောက် ၁၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မအူပင် #အထောက်အထားမဲ့သူတွေဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW