ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲကြောင့် ချိန်ခါလိန်ဒေသခံတွေထွက်ပြေးနေရ

အောက်တိုဘာ ၂၇- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသမှာ မနေ့ အောက်တိုဘာ ၂၆ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က တိုက်ပွဲဖြစ်ပွားမှုကြောင့် မယူတောင်တန်း အနောက်ဘက် ချိန်ခါလိန်ကျေးရွာက ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ အောက်တိုဘာ ၂၆ရက် ညနေ ၄ နာရီကျော်လောက်မှာ ချိန်ခါလိန်ကျေးရွာ နယ်ခြားစောင့်စခန်းအနီး မြောက်ဘက် စမ်းချောင်းမှာ ရေချိုးနေတဲ့ စစ်သားတွေနဲ့ အေအေတို့ကြား ဖြစ်ပွားကြတာလို့ ဒေသခံတွေက ပြောပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး ချိန်ခါလိန်ဒေသခံတဦးက ” နယ်ခြားစောင့်စခန်းက ချောင်းမှာ ရေသွားချိုးတာ။ အဲ့ဒီမှာ ပစ်ကြတာ။ ပစ်သံက ခဏလေးဆိုပေမယ့် ရွာသားတွေကြောက်ပြီးထွက်ပြေးသွားကြတယ်။” လို့ပြောပါတယ်။

ဒါပေမယ့် တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး အသေးစိပ်မသိရဘဲ ဒီကနေ့အထိ အထုပ်အပိုးတွေ သိမ်းဆည်းကာ ရွာကိုစွန့်ခွာ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ချိန်ခါလိန်ဒေသခံတွေဟာ မယူတောင်အရှေ့ဘက်တောင်ခြေရင်း ရွာတွေနဲ့ အနီးပတ်ဝန်းကျင်ရွာတွေဖြစ်တဲ့ ဆင်ပိုက်၊ ဒုံးပိုက်၊ ကိုးတန်ကောက်နဲ့ အောင်ဗလစတဲ့ ကျေးရွာတွေကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

မနေ့က တိုက်ပွဲဖြစ်ပွားမှုဟာ ၁၅ မိနစ်လောက်သာ ကြာမြင့်ခဲ့ပြီး လက်နက်ငယ်နဲ့ အပြန်အလှန်ပစ်ခတ်သံလိုမျိုးပဲ ကြားရကြောင်း ချိန်ခါလိန်ရွာသားတဦးကပြောပါတယ်။

တိုက်ပွဲကြောင့် ကျေးရွာကနေထွက်ပြေးတဲ့အခါ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေရှိပြီး ကျွဲ၊ နွား၊ ကြက်၊ ဝက်ကအစ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ဖြစ်သလိုထားခဲ့ရတယ်လို့ ဒေသခံတွေကပြောတယ်။

” တိုက်ပွဲဖြစ်တယ်ဆိုတော့ လက်နက်ကြီးလက်နက်ငယ်ကျည်တွေ ကျလာမလားစိုးရိမ်ကြတယ်။ ဒါ့အပြင် လေယာဥ်တွေရောက်လာမလားဆိုပြီးလည်း စိုးရိမ်ကြရတယ်။ ရိတ်သိမ်းစ စပါးတွေကိုလည်း ဒီတိုင်းထားခဲ့ရတယ်။ နွားတွေကလည်း စပါးတွေကို စားတာတွေရှိတယ်။ ကျနော်တို့ ရွာသားတွေမှာ အများကြီးနစ်နာရပါတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။

ချိန်ခါလိန်ကျေးရွာမှာ အိမ်ခြေ ၁၄၇ အိမ်၊ လူဦးရေ ၆၀၀ နီးပါးရှိကြောင်းသိရပြီး အေအေနဲ့ တပ်ကြားတိုက်ပွဲဲ ဖြစ်ပွားမှုကြောင့် ၃ ကြိမ်မြောက်ထွက်ပြေးကြရတာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်က တကြိမ်၊ ဒီနှစ်အတွင်း ဩဂုတ်လမှာတကြိမ်နဲ့ အခု တကြိမ်တို့ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်က တိုက်ပွဲဖြစ်ပွားမှုမှာတော့ အရပ်သားတွေ ရွာကထွက်ပြေးကြရတဲ့အပြင် ကျေးရွာသားတဦး သတ်ဖြတ်ခံရကာ သေဆုံးသွားတဲ့ ဖြစ်စဥ်တွေလည်းရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

အရပ်သားတွေ အခုလို ထွက်ပြေးနေရတာဟာ မဖြစ်သင့်ကြောင်းနဲ့ တိုက်ပွဲတွေရပ်တန့်ပြီး မိမိတို့ရဲ့ရပ်ရွာမှာ အေးဆေးတည်ငြိမ်စွာ ရှင်သန်နေထိုင်ပြီး အသက်ဆက်လိုကြောင်း ချိန်ခါလိန်ဒေသခံတဦးကပြောပါတယ်။

” တိုက်ပွဲဖြစ်ရင်တော့ ရွာသားတွေအေးအေးချမ်းချမ်း နေနိုင်တာပေါ့။ အခုလို တိုက်ခိုက်နေကြတော့ ရွာသားတွေထွက်ပြေး၊ စားဝတ်နေရေးတွေလည်းခက်ခဲနဲ့ ရွာသားတွေပင်ပန်းတာပေါ့။ အိမ်ကိုလည်း ဒီအတိုင်း ပစ်ထားခဲ့ရတယ်” လို့ အဲဒီ ဒေသခံကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်တွင်းစစ်ရေး ပဋိပက္ခကြောင့် ပြည်နယ်တွင်း မြို့နယ် ၅ ခုမှာ ဒေသခံ သောင်းဂဏန်း နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လက်နက်ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရတဲ့ သူတွေလည်း ရှိနေပါတယ်။

ပုံစာ- ရသေ့တောင်မြို့နယ်၊ အငူမော်- ချိန်ခါလိန်ကြား ကားလမ်းတနေရာ
#VOM #voiceofmyanmar #ရသေ့တောင်

Related posts

Leave a Comment

VOM News

FREE
VIEW