တန့်ဆည်က မီးသတ် ၂ ဦး ဖမ်းဆီးခံရပြီးနောက် အသတ်ခံထားရတဲ့ အလောင်းသာပြန်တွေ့

အောက်တိုဘာ ၊ ၂၈ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့နယ် ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးဟာ တာဝန်ချိန်အတွင်း ဖမ်းဆီးခံရပြီးနောက် ငွေကြေးနဲ့ လဲလှယ်ရမယ်ဆိုကာ သတ်ဖြတ်ခံထားရတဲ့ အလောင်းကိုသာ ပြန်ရခဲ့တယ် လို့ ဒီကနေ့ စစ်ကိုင်းတိုင်း မီးသတ်အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ​ဖမ်းဆီးပြန်ပေးဆွဲခံရပြီးနောက် အသတ်ခံလိုက်ရတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၂ ယောက်ကတော့ တန့်ဆည်မြို့နယ် မီးသတ်စခန်းက ယာဥ်မောင်း မီးသတ် တပ်ကြပ်ကြီး မြင့်ငွေ ၅၂ နှစ်နဲ့ တပ်ကြပ် ကောင်းမြတ်ကျော် ၂၄ နှစ်တို့ဖြစ်တယ် ၊ CDM မလုပ်တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို ခြိမ်းခြောက်ခံနေရတဲ့အတွက် တန့်ဆည် မီးသတ်စခန်းက အမျိုးသမီးတပ်ဖွဲ့ဝင် တယောက်ရဲ့ မိသားစုတွေကို အခုလ ၂၆ ရက် မနက်က ရွှေလှန်ကျေးရွာကို သွားရောက်ခေါ်ဆောင်တဲ့အခါ အပြန်လမ်း ရွှေလှန်လမ်းဆုံအနီးမှာ ယာဥ် ၂ စီးနဲ့အတူဖမ်းဆီးခံရတယ် ၊ အဲ့ဒီနောက် တပ်ဖွဲ့ဝင်တယောက်ကို သိန်း ၁ ရာနဲ့ ပြန်ရွေးဖို့ ဆက်သွယ်လာတယ် ၊ မနေ့ အောက်တိုဘာ ၂၇ ရက်မှာ ရေဦးမြို့ခံ လူမှုကူညီရေးအဖွဲ့က ရေဦးမြို့နယ် ၊ မုံတိုင်ပင်ကျေးရွာနားက မူးဘောင်ပေါ်မှာ အမည်မသိ ရုပ်အလောင်း ၂ လောင်းတွေ့ရတယ် ဆိုပြီး အကြောင်းကြားလို့ သွားရောက်စစ်ဆေးတဲ့အခါ မီးသတ်တပ်ဖွဲ့ဝင် ၂ ယောက်ရဲ့ အလောင်းဖြစ်နေတယ်” လို့ စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာန ၊ ညွှန်ကြားရေးမှူးရုံးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ရေဦးခရိုင် လုံခြုံရေး အဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က ” မနေ့က ရေဦးမြို့နယ် ၊ မုံတိုင်ပင်ရွာနားက မူးဘောင်ပေါ်မှာ အမည်မသိ အမျိုးသား ရုပ်အလောင်း ၂ လောင်းတွေ့ရတယ် ၊ အသက် ၅၀ ဝန်းကျင် အလောင်းက လည်ပင်းပြတ်ရှ ထိုးသွင်းဒဏ်ရာ ၊ ဦးခေါင်းခွံ ပွင့်ထွက် ပိုင်းဖြတ်ထားတဲ့ဒဏ်ရာ ၊ ခြေလက် ၂ ဖက် ဖြတ်တောက်ထားတဲ့ဒဏ်ရာတွေအပြင် ရင်ဘတ် ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ် ၊ နောက်ပြီး အသက် ၂၀ ဝန်းကျင် ရုပ်အလောင်းက ခြေလက် ၂ဖက် ဖြတ်တောက် ဒဏ်ရာ ၊ လည်ပင်း ထိုးသွင်း ပြတ်ရှ ဒဏ်ရာတွေနဲ့ သေဆုံးတာဖြစ်တယ် ၊ ကနဦး တွေ့ရစဥ်ကတော့ အမည်မသိ ပိုင်ရှင်မဲ့ ရုပ်အလောင်းဖြစ်တယ် ၊ နောက်မှ သိရတာက သေဆုံးသူတွေဟာ တန့်ဆည်မြို့က မီးသတ်တပ်ဖွဲ့ဝင် ၂ ယောက်ဖြစ်နေတာ” လို့ ပြောပါတယ်။

အဲ့ဒီ ၂ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး ရေဦးခရိုင်ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာ ဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ် မီးသတ်စခန်းမှာ တာဝန်ထမ်းနေပြီး ကနီမြို့နယ်၊ လာပို့ရွာကို လူနာသွားခေါ်တဲ့ မီးသတ်တပ်ဖွဲ့ဝင် ၄ ဦး နဲ့ လူနာ တယောက်ဟာ ယင်းမာပင်မြို့နယ်ထဲမှာ ဖမ်းဆီးသတ်ဖြတ်ခံရတာ ဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #VOM #တန့်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW