ချောက်-ကျောက်ပန်းတောင်းကားလမ်းမှာ ရပ်ထားတဲ့ကားကို ဝင်တိုက်မိရာ ၈ယောက်သေ၊ ၁၁ ယောက်ဒဏ်ရာရ

အောက်တိုဘာ ၂၉-၂၀၂၂
VOM (GG)

မကွေးတိုင်း ၊ ချောက်မြို့နယ် ၊ ချောင်း-ကျောက်ပန်းတောင်းသွားကားလမ်း၊ ဩဇာတောကျေးရွာအနီးမှာ ရပ်ထားတဲ့ ၁၂ ဘီးကားကို နောက်ကနေဝင်တိုက်မိရာကနေ လူ ၈ ယောက်သေဆုံးပြီး ၁၁ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ဒီနေ့အောက်တိုဘာလ ၂၉ရက်နေ့ မနက် ၆ နာရီလောက်မှာ ယာဥ်တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဝင်တိုက်ခဲ့တဲ့ကားပေါ် မှာ လိုက်ပါလာသူ ၁၉ ယောက်ရှိပြီး ၈ ယောက်သေကာ ၁၁ ယောက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

” ယာဥ်မောင်းဆိုရင် မနည်းဆွဲထုတ်ရတယ်။သေသူတွေထဲမှာ ၅ယောက်က နေရာမှာ ပွဲချင်းပြီးသေတယ်၊နောက်၃ယောက်က ဆေးကုသမှုခံယူနေရင်းဆုံးတာပါ။ ချောက်ကနေ မကွေးဆေးရုံကိုလွှဲတဲ့လူနာလည်းရှိတယ် “လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ အသင်းဝင်တဦးကပြောပါတယ်။

သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ချောက်ဆေးရုံနဲ့ မကွေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်း ၊ ယာဥ်ပေါ်ပါသူတွေဟာ ချောက်မြို့နယ်၊ စမ်းရိုးကျေးရွာကဖြစ်တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားပြီးနောက် ရရှိခဲ့တဲ့ သေဆုံးသူတွေရဲ့ လက်ဝတ်ရတနာတွေကို လူမှုကူညီရေးအသင်းတွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဆီအပ်နှံထားတယ်လို့သိရပါတယ်။

ယာဥ်တိုက်မှု ​ဖြစ်ပြီး ကူညီရှာဖွေကယ်ဆယ်ရေးကိုတော့ ချောက်မြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ၊ ဂွေးချိုနယ်မြေမီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ချောက်

Related posts

Leave a Comment

VOM News

FREE
VIEW