ပြည်ပရောက် မြန်မာနိုင်ငံသားတွေ တရားဝင်ငွေလွှဲရင် ၁ဒေါ်လာ ၃၀ ကျပ် အပို ပေးမယ်လို့ ဗဟိုဘဏ်ကြေညာထား

အောက်တိုဘာ ၂၉ – ၂၀၂၂
SN (VOM)

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်တွင်းကို တရားဝင်ငွေလွှဲရင် တစ်ဒေါ်လာ ၃၀ ကျပ် အပိုဆောင်းငွေ ချက်ချင်းပေးမယ်လို့ မနေ့ အောက်တိုဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

နိုင်ငံတော်အတွက် နိုင်ငံခြားငွေတွေကို တဖက်တလမ်းက ရှာဖွေပေးနေတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို နိုင်ငံတော်က ချီးမြှောက်တဲ့အနေနဲ့ ‌အခုလို ထောက်ပံ့ပေးတာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“သူတို့ထုတ်ပြန်တာတွေ တစ်ခုမှ လူတွေက စိတ်မဝင်စားကြတော့ စိတ်ဝင်စားမှုရှိလာအောင် ဆွဲဆောင်တဲ့ သဘောပေါ့။ တစ်ဒေါ်လာ ၃၀ ကျပ် ချက်ချင်းပေးမယ်တို့ဘာတို့ ပြောနေပေမယ့် ဘယ်ဈေးနဲ့ ပေးမယ်ဆိုတာ ထုတ်ပြန်ချက်မှာ မပါသေးဘူး။ သူတို့ တရားဝင်သတ်မှတ်ဈေးက ၂၁၀၀ ၊ အပြင်‌မှာပေါက်နေတာက ၃၀၀၀ ဝန်းကျင်။ အဲ့ဒီတော့ ဒီအချက်ကလည်း စဉ်းစားစရာပေါ့။ ဘယ်လိုလာဦးမလဲတော့ မသိဘူး။ သေချာတာတော့ ထုတ်ပြန်ချက်တွေ ထပ်ထုတ်ဦးမှာပေါ့၊ ဒါပဲရှိတာကိုး” လို့ စီးပွားရေးပညာရှင်တဦးက ပြောပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံခြားငွေနဲ့ ရရှိတဲ့ လုပ်ခ/လစာတွေ ပြည်တွင်းကို လွှဲပြောင်းပေးပို့တဲ့အခါ နိုင်ငံခြားငွေ ရောင်းဝယ်‌ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်ရ ဘဏ်တွေကတဆင့် လွှဲပို့တာအတွက် အမေရိကန် တစ်ဒေါ်လာ (ယင်းနဲ့ ညီမျှတဲ့ နိုင်ငံခြားငွေ)အပေါ်မှာ ၃၀ ကျပ်ကို နိုင်ငံတော်က အပိုဆောင်းငွေအဖြစ် ပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပံ့ပိုးငွေ ထောက်ပံ့တဲ့ အစီအစဉ်ကိုတော့ ငွေထုတ်ယူတဲ့နေ့မှာ ချက်ချင်းထည့်သွင်းပေးမှာဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၁ ရက်က စပြီး အကျိုးသက်ရောက်မှုရှိမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

“တရားဝင်ငွေလွှဲရင် တစ်ဒေါ်လာ ၃၀ ကျပ် ထောက်ပံ့မယ်လို့ ပြောတယ်။ နိုင်ငံခြားမှာရောက်နေပြီး အလုပ်မရှိတဲ့သူတွေကိုရော ထောက်ပံ့ပေးမလား သိချင်တယ်။ နိုင်ငံခြားမှာ မျက်နှာအငယ်ခံဘဝနဲ့ ရှာထားရတဲ့ပိုက်ဆံတွေကို မစာမနာ သူတို့က ဖြတ်ယူချင်နေသေးတယ်”လို့ ဂျပန်နိုင်ငံရောက် မြန်မာအလုပ်သမားတဦးက ပြောပါတယ်။

မကြာခင်ကလည်း ဗဟိုဘဏ်အနေနဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေ တရားဝင်ငွေလွှဲရင် ဝင်ငွေခွန်ကင်းလွှတ်ခွင့်ရမယ်လို့ ကြေညာခဲ့ပါသေးတယ်။

ဒါ့အပြင် ပြည်ပရောက်တဲ့အခါ လစဥ်ရရှိတဲ့ လစာငွေရဲ့ ရာခိုင်နှုန်းတစ်ခုကို မဖြစ်မနေ ပြန်လွှဲပို့ဖို့အတွက် အလုပ်သမားတွေကို ခံဝန်လက်မှတ်ထိုးခိုင်းတာအပြင် ငွေလွှဲပို့မယ့် အေဂျင်စီတွေကို တာဝန်ယူခိုင်းတာတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

လက်ရှိ ပြည်ပနိုင်ငံအသီးသီးမှာ မြန်မာနိုင်ငံသား ၃ သန်းထက်မနည်းရောက်ရှိ အလုပ်လုပ်ကိုင်နေကြပြီး အများစုမှာ သူတို့ရဲ့ သက်ဆိုင်ရာမိသားစုတွေဆီ အဆင်ပြေရာ နည်းလမ်းတွေနဲ့ ငွေလွှဲပို့နေကြတာ ဖြစ်ပါတယ်။

Photo crd – Original Uploader
#voiceofmyanmar #VOM #ပြည်ပရောက်မြန်မာနိုင်ငံသား #တရားဝင်ငွေလွှဲ #ဒေါ်လာ၃၀အပိုးပေးမယ်

Related posts

Leave a Comment

VOM News

FREE
VIEW