မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ခရီးသည်တင်ကား ၂ စီးတိုက်မိပြီး ၇ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ

အောက်တိုဘာ ၊ ၃၀ ၊ ၂၀၂၂
SP( VOM)

ကရင်ပြည်နယ် ၊ ကော့ကရိတ်- မြဝတီ အာရှကုန်သွယ်ရေး လမ်းမကြီးမှာ ဒီကနေ့ နေ့လယ်ပိုင်းက ခရီးသည်တင် ကား ၂ စီးတိုက်မိပြီး ယာဥ်ပေါ်ပါ ခရီးသည်တွေ သေဆုံး ၊ ဒဏ်ရာရတာတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဖြစ်ပွားတာက ညနေ ၄ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ ကားမောင်းသူ အပါအဝင် လူ ၂၁ ယောက် လိုက်ပါလာတဲ့ ခရီးသည်တင် အံစာတုံးကားက အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို တိုက်မိပြီး တဖက်ယာဥ်ကြောကနေ မျက်နှာချင်းဆိုင်း မောင်းလာတဲ့ အံစာတုံးကို ဝင်တိုက်မိတာဖြစ်တယ် “လို့ သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။

ယနေ့နေ့လယ် ၃ နာရီ ၄၀ မိနစ်ခန့်က ကားမောင်းသူအပါအဝင် ၂၁ ဦးလိုက်ပါလာတဲ့ ခရီးသည်တင်(အံစာတုံး)ကားမှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကို ကာရံထားတဲ့ တန်းတွေကိုတိုက်မိလို့ တဘက်ယာဥ်ကြောရှိ စားသောက်ကုန်တွေ တင်လာတဲ့ အံစာတုံးကားကို ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်ကြောင့် ယာဥ်ပေါ်ပါခရီးသည် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၄ ဦးဟာ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ကျန် ခရီးသည် ၁၄ ဦးကတော့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။

အဲ့ဒီနောက် အခင်းဖြစ်ပွားရာ နေရာကနေ သေဆုံးသူ ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရ ခရီးသည်တွေကို သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့ က မြဝတီမြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဲ့ဒီ အာရှလမ်းမကြီးပေါ်မှာ ဇာတ်သဘင်ကား တစ်စီး တိမ်းမှောက်ခဲ့ပြီး အနုပညာရှင်တွေ သေဆုံး၊ဒဏ်ရာရတာ ဖြစ်ပွားခဲ့ပါသေးတယ်။

Photo-သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့
#voiceofmyanmar #VOM #အာရှလမ်း #ယာဥ်တိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW