မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးပျံပစ်ခတ်မှု ဂျပန်မှာ အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ရ

ဆိုးလ်၊ နို၀င်ဘာ-၃-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ နို၀င်ဘာ ၃ရက်မှာ တိုက်ချင်းပစ်ဒုံးကျည်(ICBM) ကိုစမ်းသပ်ပစ်ခတ်ခဲ့ပြီး စမ်းသပ်မှု မအောင်မြင်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောပါတယ်။

တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုဟာ ယခုနှစ်အတွင်း မြောက်ကိုရီးယားရဲ့ ခုနှစ်ကြိမ်မြောက် စမ်းသပ်ခြင်းလည်းဖြစ်ပြီး နျူကလီးယားလက်နက်စမ်းသပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိနေချိန်မှာ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

ဒုံးကျည်ဟာ အမြင့် ကီလိုမီတာ ၁၉၂၀ ကနေ ၄၇၂ မိုင်ထိ ခရီးရောက်ခဲ့ပေမယ့် စမ်းသပ်မှုဟာ မအောင်မြင်ခဲ့ဘူးလို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုကြောင့် ဂျပန်နိုင်ငံမြောက်ပိုင်း ဒေသအချို့မှာ ရှားရှားပါးပါး သတိပေးချက်ထုတ်ပြန်ခဲ့ရပြီး ဒေသခံတွေကို ဘေးကင်းရာကို ရွှေ့ပြောင်းကြဖို့ ညွှန်ကြားခဲ့ရပါတယ်။

အဲဒီတိုက်ချင်းပစ်ဒုံးပျံဟာ ဂျပန်နိုင်ငံဘက်ကို ပျံတက်ခဲ့ပြီး အဲဒီနောက်မှာတော့ ကျွန်းပေါ်ကိုမဖြတ်တော့ဘဲ ဂျပန်ပင်လယ်ပင်မှာ ပျောက်ကွယ်သွားခဲ့တယ်လို့ ဂျပန်ကာကွယ်ရေး၀န်ကြီး ယာဆူကာဇူဟာမာဒါက ပြောပါတယ်။

ကိုရီးယားနှစ်နိုင်ငံအကြား ရေပိုင်နက်တွေကိုဖြတ်ကျော်ပြီး ဒုံးကျည်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားပြီး တင်းမာမှုတွေမြင့်တက်နေပါတယ်။ မနေ့ကဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ မြောက်ကိုရီးယားဘက်က ဒုံးကျည် ၂၃ စင်းထိ စံချိန်တင်ပစ်ခတ်ခဲ့ပါတယ်။

အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ အကြီးစားလေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရန်လိုတဲ့လုပ်ရပ်ဆိုပြီး ချက်ချင်းရပ်ဖို့ တောင်းဆိုထားတဲ့ မြောက်ကိုရီးယားက ယခုရက်ပိုင်းမှာ ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာဖြစ်ပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW