SME တွေအတွက် ချေးငွေထုတ်ပေးမယ်လို့ပြောပေမယ့် ချေးငွေမရတဲ့အပြင် လုပ်ငန်းရပ်ဆိုင်းရမှုတွေရှိနေ

နိုဝင်ဘာ ၄ – ၂၀၂၂
SN (VOM)

အသေးစား၊ အလတ်စား (SME)လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့အတွက် နစက က ချေးငွေ ထုတ်ပေးသွားမယ်လို့ ပြောဆိုထားပေမယ့် လက်တွေ့မှာ‌ ချေးငွေမရရှိတဲ့အပြင် လုပ်ငန်းရပ်ဆိုင်းရမှုတွေ ရှိနေတယ်လို့ SME လုပ်ငန်းရှင်တွေက ပြောပါတယ်။

SME လုပ်ငန်းတွေဟာ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနဲ့ပတ်သက်လို့ ကုန်ကြမ်းပစ္စည်းတွေ ဈေးတက်တာ၊ ဒေါ်လာဈေး မတည်ငြိမ်တာ၊ စက်သုံးဆီဈေး မြင့်တက်နေတာကြောင့် လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ အခက်ကြုံနေရတာ ဖြစ်ပါတယ်။

“ချေးငွေထုတ်ပေးမယ်လို့တော့ကြားတယ်။ ဒါပေမယ့်
အခုထိတော့ ဘာမှမထူးသေးဘူး။ အကုန်လုံးက ခက်ခက်ခဲခဲ ရုန်းကန်နေရတာ။ NLD အစိုးရခေတ်တုန်းကတော့ ကိုဗစ်ချေးငွေဆိုပြီး ရဖူးတယ်။ အခု အဲ့ဒီချေးငွေကိုတောင် အတင်းအကျပ် ပြန်အတောင်းခံနေရတာပါ။ လက်ရှိ အခြေအနေအရ လုပ်ငန်းရပ်ဆိုင်းလိုက်ရတဲ့ သူတွေလည်းရှိတယ်။ ၁၀၀ မှာ ၁၀ ရာခိုင်းနှုန်းလောက်ပဲ အလုပ်ဖြစ်နေတဲ့ပုံစံနဲ့ မနည်း ကျားကန်ပြီး လည်ပတ်နေရတဲ့ သူတွေလည်းရှိတယ်” လို့ SME လုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်ရှိမှာ SME လုပ်ငန်းတွေဟာ နစက က ဒေါ်လာငွေ ထိန်းချုပ်ထားတာကြောင့် ကုန်ကြမ်းပစ္စည်း ဝယ်ယူရာမှာလည်း ဈေးနှုန်းအဆမတန် ကြီးမြင့်မှုတွေနဲ့ ရင်ဆိုင်နေရသလို လျှပ်စစ်မီး မမှန်တာကြောင့်လည်း လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ ခက်ခဲလာတယ်လို့ သိရပါတယ်။

“မီးကိုတောင် အခုထိ ပုံမှန်ဖြစ်အောင် ပြန်မပေးနိုင်သေးဘူး။ တခြားဟာတွေ မျှော်လင့်ဖို့ကတော့ အဝေးကြီးပါ။ အလုပ်ဆိုတာကလည်း မီးမှန်မှ အချိန်မှီပြီးစီးမှာလေ။ မီးမလာတော့ ဒီဇယ်တွေကလည်း ထင်သလောက် ဈေးမကျသေးဘူး။ ဝင်ငွေနဲ့ထွက်ငွေက မမျှတတော့ လုပ်ငန်းဆက်ပြီး လည်ပတ်ဖို့က ဘယ်လိုမှအဆင်မပြေဘူး” လို့ သူက ပြောပါတယ်။

နိုင်ငံ့စီးပွားရေး ကျဆင်းနေတဲ့အပြင် ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေတာတွေကြောင့် လုပ်ခလစာနည်းပါးတဲ့အတွက် လုပ်သားတွေအနေနဲ့ ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်မှုတွေ ရှိလာတာကြောင့်လည်း SME လုပ်ငန်းတွေအနေနဲ့ လုပ်သားရှားပါးမှု ပြဿနာကိုပါ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

“အခက်အခဲတွေကတော့ အများကြီးပေါ့။ လုပ်လက်စအလုပ်လေး ပျောက်မသွားအောင်တော့ ကြိုးစားပြီး ရပ်တည်နေရတယ်။ ဒီမှာက အစစအရာရာ ဈေးကြီးနေတော့ တချို့ဆို ဒီမှာဆက်ပြီးစီးပွားမရှာနိုင်တော့လို့ တခြားနိုင်ငံတွေမှာ သွားပြီး အလုပ်လုပ်ကြတယ်။ အဲ့ဒီတော့ လုပ်သားရှားပါးတဲ့ ပြဿနာတစ်ခုပါ ထပ်တိုးလာတာပေါ့” လို့ လက်မှုလုပ်ငန်းရှင်တဦးက ပြောပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ SME လုပ်ငန်းပေါင်း သိန်းနဲ့ချီ ရှိနေတာဖြစ်ပေမယ့် SME လုပ်ငန်းတွေဟာ နစက က နိုင်ငံ့တာဝန်ယူနေတဲ့ ကာလအတွင်း လုပ်ငန်းတွေ ဆက်လက် လည်ပတ်ဖို့ကိုတောင် မနည်းရုန်းကန်နေရသလို တချို့လုပ်ငန်းတွေကတော့ အရှုံးပေါ်တာကြောင့် အပြီးတိုင်ပိတ်သိမ်းရတဲ့အထိ ဖြစ်နေပါတယ်။

“ကျွန်တော်က ယွန်းထည်တွေရောင်းတာပါ။ အခုချိန်က နိုင်ငံခြားသားဝင်ရောက်မှုက မရှိသလောက် ဖြစ်နေတော့ လုပ်ငန်းက ၉၀ ရာခိုင်နှုန်းလောက် ကျဆင်းနေပြီ။ ကုန်ကြမ်းတင်သွင်းတဲ့အခါမှာလည်း လမ်းမှာ ဖွင့်ဖောက် အစစ်ဆေးကြမ်းတော့ ပစ္စည်းတွေ အထိအခိုက်အပျက်အစီး အရမ်းများတယ်။ SME နဲ့ပတ်သတ်ပြီး ကူညီမယ်ဆိုတာ စာရွက်ပေါ်မှာ ပေါ်လစီဖြေလျော့နေရုံနဲ့ မရပါဘူး” လို့ ယွန်းထည်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

နစက ကတော့ သူတို့တာဝန်ယူနေတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်းမှာ နိုင်ငံစီးပွားရေး ဦးမော့လာတယ်လို့ ပြောဆိုထားပေမယ့် လက်ရှိ မြေပြင် အနေအထားမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းနေပြီး ကုန်ထုတ်အရင်းအနှီးတွေ ဈေးတက်နေတဲ့အတွက် ကုန်ထုတ်လုပ်ငန်းရှင်တွေဟာ အခက်အခဲ ကြီးကြီးမားမားရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Photo Crd – Original uploader
#VOM #voiceofmyanmar #SMEချေးငွေ #စီးပွားရေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW