ကျင်စန်းကျော့မှာ တိုက်ပွဲဖြစ်ပွားပြီး ကားပြင်‌နေတဲ့ ကလေး ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၁၇၊ ၂၀၂၂
Shy V (VOM)

တရုတ် – မြန်မာနယ်စပ်၊ မူဆယ် ကျင်စန်းကျော့ မှာ စစ်တပ်နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တို့ မနေ့ နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၁ နာရီခွဲ ဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားပြီး ကားပြင်နေတဲ့ ကလေး ၁ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

“ဆိုင်နားက အမကြီးရဲ့ ယောက်ျားဖွင့်ထားတဲ့ကားဝပ်ရှော့က ကောင်လေးတွေ၊ မူဆယ် ကားဝပ်ရှော့က ကလေးတွေ ကားပျက်လို့ လှမ်းခေါ်တော့ လမ်းမှာ ကားသွားပြင်ရင်း အဲဒီ ဘေးနား လက်နက်ကြီး ကျလာတာကြောင့် ဖြစ်သွားတာ”လို့ မူဆယ် ဒေသခံ ၁ ဦး ကပြောပါတယ်။

နယ်စပ် ကုန်သည် ၁ ဦးကလည်း “ဘုရားကုန်းမှာ တိုက်ပွဲ ဖြစ်တာ လက်နက်ကြီး ဘေးနားကျပြီးတော့ ကားပြင်နေတဲ့ ကလေး ၁ ယောက်သေသွားတယ်။ တယောက်ထိခိုက်ဒဏ်ရာရတယ်။”လို့ ပြောပါတယ်။

သေဆုံးသွားသူနဲ့ ထိခိုက်ဒဏ်ရာ ရတဲ့ ကလေးတွေကတော့ ၁၆ နှစ် ဝန်းကျင်ခန့်သာရှိသေးတယ်လို့ မျက်မြင် ကားသမား ၁ ဦးက ပြောပါတယ်။

“ကျနော် တက်လာတော့ ‌တွေ့တယ်။ သူတို့ အဲ့ဒီကားအောက်မှာ သူတို့ ပြင်နေတာလေ။ ကောင်လေးတွေ ငယ်ပါသေးတယ်။”လို့ သူက ပြောပါတယ်။

တိုက်ပွဲကြောင့် အနီးနားက ကားတွေလည်း ကျည်ထိမှန် ပျက်စီးသွားတယ်လို့ ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။

“ကားထိသွားတာ ဟုတ်တယ်။ ကားက နှစ်စီးလောက်ပါပဲ။ တရုတ်ကားနဲ့ ဗမာကားနဲ့။” လို့ သူက ပြောပါတယ်။

တပ်နဲ့ ဘယ်အဖွဲ့အစည်းက တိုက်ပွဲဖြစ်ပွားတာကိုတော့ မသိရဘူးလို့ ကုန်ဂိတ်လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။

“ကျနော် တုန်ခန်မှာ ရေဖျန်းနေတုန်း စစ်ကားတွေတော့ တက်သွားတယ်။ ဆယ်စီးကျော် ၁၂ စီးလောက် ရှိမယ်ထင်တယ်။ သူတို့ အဲဒီက ဆင်းလာမှာပဲလေ။” လို့ မျက်မြင်ယာဉ်မောင်း ၁ ဦးကပြောပါတယ်။

ကျင်စန်းကျော့ကနေ ပန်ဆိုင်းဘက်သွားတဲ့ ဖြတ်လမ်းက လောက်ခွန်ရွာဘေးနား လမ်းရယ်၊ ရွှေလွယ်အင် ကားချိန်းကွင်းအနီး စေတီဘေးနားက လမ်းရယ် ၂ လမ်း ရှိတယ်လို့ ပြောပါတယ်။

ဒေသခံ သတင်းရင်းမြစ် ၁ ဦးကတော့ မုံးကိုး ဗျူဟာ ကနေ တပ်ပြောင်းလာတဲ့ တပ်မ ၉၉၊ ခလရ ၁၅ အဖွဲ့ရဲ့ယာဥ်တန်းကို ကျင်စန်းကျော့ နဲ့ တုံခန်ကြားမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖြတ်တိုက်တာလို့လည်း ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားချိန် နေ့လယ်ပိုင်းမှာတော့ နှစ်နိုင်ငံ ကုန်သွယ် နယ်စပ်ဂိတ်ကို ‌ပိတ်ထားလိုက်ပြီး ညနေပိုင်းမှာတော့ ကုန်ကားတွေ အဝင်အထွက် ပုံမှန်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

လတ်တလော အဲဒီနယ်စပ်ဂိတ်ကနေ တရုတ်ဘက်ကို ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ဖရဲ၊ သခွား စတဲ့ မြန်မာ့လယ်ယာထွက်ကုန်တွေ တင်ပို့နေပြီး တရုတ်ဘက်က မြန်မာဘက်ကို ကုန်မျိုးစုံ တင်သွင်းနေတာ ဖြစ်ပါတယ်။

အဲဒီနယ်မြေမှာတော့ တပ်၊ ပြည်သူ့စစ် အဖွဲ့များ၊ KIA, TNLA, MNDAA, SSPP/SSA တို့ အဓိက လှုပ်ရှားရာ နယ်မြေဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

Photo Crd-ဒေသခံ
#voiceofmyanmar #VOM #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW