ရခိုင်တပြည်နယ်လုံး အကျဥ်းသား ၁၉၄ ဦး လွတ်ငြိမ်းခွင့်ရပြီး နိုင်ငံရေးအမှုတွေမပါဝင်

နိုဝင်ဘာ ၁၇- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်အတွင်းက ခရိုင်ရုံးစိုက်ရာ မြို့တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနဲ့ ဘူးသီးတောင် စတဲ့ အကျဥ်းထောင်တွေကနေ အကျဥ်းသားပေါင်း ၁၉၄ ဦးဟာ ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် အမျိုးသားနေ့မှာ လွတ်မြောက်လာတာဖြစ်ပြီး အဲဒီထဲမှာ နိုင်ငံရေးအမှုနဲ့ အကျဥ်းကျနေသူတွေမပါဝင်ဘူးလို့ သိရပါတယ်။

လွတ်မြောက်လာတဲ့ထဲမှာ စစ်တွေအကျဥ်းထောင်က ၇၁ ဦး၊ သံတွဲအကျဥ်းထောင်က ၇၆ ဦး၊ ကျောက်ဖြူအကျဥ်းထောင်က ၃၁ ဦးနဲ့ ဘူးသီးတောင်အကျဥ်းထောင်က ၁၆ ဦးနဲ့ အနည်းဆုံးဖြစ်တယ်လို့ သိရပါတယ်။

စစ်တွေအကျဥ်းထောင်တာဝန်ရှိသူတဦးက “စစ်တွေထောင်ကနေ အားလုံး ၇၁ ယောက်လွတ်ပါတယ်။ အဲဒီထဲမှာ အမျိုးသမီး ၉ ဦးနဲ့ အမျိုးသား ၆၂ ဦးပါဝင်ပါတယ်။ ” လို့ ပြောပါတယ်။

အခုလို လွတ်ငြိမ်းခွင့်နဲ့ အကျဥ်းသားတွေ ပြန်လွတ်လာတဲ့အထဲမှာ နိုင်ငံရေးအမှုနဲ့ အကျဥ်းကျနေသူတွေပါဝင်တာမတွေ့ရဘူးလို့ နိုင်ငံရေးအကျဥ်းသားများအရေး ဆောင်ရွက်နေတဲ့ မြတန်ဆောင်းဆရာတော်က ပြောပါတယ်။

ဒီကနေ့ အမျိုးသားနေ့အထိမ်းအမှတ်အနေနဲ့ နစကကောင်စီက နိုင်ငံတဝန်းအကျဥ်းသားပေါင်း (၅၇၇၄) ဦး လွတ်ငြိမ်းသက်သာခွင့်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #လွတ်ငြိမ်းသက်သာ

Related posts

Leave a Comment

VOM News

FREE
VIEW