မင်္ဂလာဒုံမှာ နေအိမ်တွေကို အပြီးဖျက်ပေးရမယ်လို့ အမိန့်ထုတ်ပြီးနောက်ပိုင်း မိမိကိုယ်ကိုသေကြောင်းကြံသူတွေရှိလာ

နိုဝင်ဘာ ၂၂-၂၀၂၂
VOM (GG)

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရပ်ကွက် ၅ ခုက နေအိမ်တွေကို ကျူးကျော်နေထိုင်သူတွေဆိုပြီး ဖျက်သိမ်းပေးဖို့ အသိပေးအကြောင်းတာကြောင့် နေအိမ်တွေကို ဖျက်ပေးနေရတယ်လို့ ရပ်ကွက်နေထိုင်သူတွေဆီကသိရပါတယ်။

နေအိမ်တွေကို ဖျက်ပေးလိုက်ရသူတွေအတွက် ပြန်လည်တည်ဆောက်ဖို့ နေရာအစားထိုးပေးတာမျိုးမရှိတာကြောင့် နေထိုင်ဖို့အခက်အခဲတွေဖြစ်ပေါ်ကာ မိမိကိုယ်ကို သတ်သေတဲ့သူတွေ ရှိလာတယ်လို့ ဒေသခံတွေပြောပြပါတယ်။

” ပေါ်စကိုစက်ရုံလမ်းဘက်မှာဆို နေဖို့နေရာမရှိ၊အိမ်မရှိ စားစရာ မရှိလို့ဆိုပြီး ကိုယ့်ကိုယ်ကို ဆွဲကြိုးချ သတ်သေတဲ့သူတွေတောင်ရှိတယ်။မြဲမြံအောင်ရပ်ကွက်မှာလည်း သေတယ်။ကျနော်တို့ရပ်ကွက်လည်းမဖျက်ဖို့၊ကျောင်းသားတွေလည်းရှိတယ်၊အေးအေးဆေးဆေးနေထိုင်ပါမယ်လို့ တင်ပြတာကိုတောင် သူတို့ကမရပါဘူး”လို့ နေအိမ်ဖျက်ခံရသူတဦးကပြောပါတယ်။

လက်ရှိ ဖျက်သိမ်းပေးဖို့အကြောင်းကြားခံရတာက မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပျဉ်းမပင် စက်မှုဇုန် ဧရိယာ ၅၆၀ ဒသမ ၀၆ ဧက ခန့်ရှိ မြေပေါ်မှာ ခွင့်ပြုမဲ့ အဆောက်အအုံအားလုံးကို နိုဝင်ဘာ ၁၈ ရက်နေ့ နောက်ဆုံး ဖယ်ရှား ဖျက်သိမ်းပေးဖို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပေးထားတာဖြစ််တယ်လို့သိရပါတယ်။

ဖယ်ရှားခိုင်းတဲ့ မြေပေါ်မှာက စံသမာဓိရပ်ကွက်၊ မြဲမြံအောင်ရပ်ကွက်၊ ဂုံညှင်းနီရပ်ကွက်၊ ဓမ္မပါလ ရပ်ကွက်၊ မြ၀တီစိုက်ခင်းရပ်ကွက် ပေါင်း ၅ ခုရှိတယ်လို့သိရပါတယ်။

” ပထမတော့ ၁၈ ရက်နောက်ဆုံးဖျက်ပေးရမယ်ပြောတယ်။ပြီးတော့ ၂၂ ရက်နေ့နောက်ဆုံးဖျက်ပေးရမယ်ပြောတယ်။ဖျက်နေတာကိုလည်း လော်ကြီးနဲ့လိုက်အော်တယ် ဖျက်သိမ်းပေးဖို့ပေါ့ ၊ ကျနော်တို့ရပ်ကွက်မှာဆို အိမ်ခြေ ၆၀၀ လောက်ရှိတယ်၊အိမ်ကြီးအိမ်ကောင်းတွေလည်းပါတယ်။ ကျနော်တို့နေရာဆို အရင်ကလည်းဖျက်ပေးဖို့အပြောခံရလို့ တရားရင်ဆိုင်တော့ တရားရုံးမှာအနိုင်ရထားတယ် ၊၁၅နှစ်လောက်ရှိနေပြီ။ အခုတော့ ဖျက်လိုက်ရပြီ”လို့ နေအိမ်ဖျက်ခံရသူ နောက်ထပ်တဦးကပြောပြပါတယ်။

နေအိမ်တွေဖယ်ရှားပေးရမယ့် ရပ်ကွက်ငါးခုမှာ နေအိမ်ပေါင်း ထောင်ချီပြီးရှိကြောင်း၊ အိမ်ကြီးအိမ်ကောင်းတွေလည်းပါသလို နေထိုင်သူတွေဟာ အနည်းဆုံး ၁၀ နှစ် နဲ့ ၁၅ နှစ်ဝန်းကျင်ရှိကြကြောင်း၊ စိုက်ပျိုးမြေယာ၊ မြေလွတ်မြေရိုင်းအဖြစ် ဝယ်ယူပြီး နေထိုင်နေကြတာဖြစ်တာကြောင့် ကျူးကျော်နေထိုင်သူတွေမဟုတ်ဘူးလို့ ရပ်ကွက်နေထိုင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

” အကုန်သိမ်းနေတာပါ၊ ကျမတို့အိမ်လေးလည်း ဖျက်ပေးရမှာပါ၊ အခု ၃၀ ရက်နေ့ နောက်ဆုံးဖျက်ပေးရမှာပါ”လို့ နေအိမ်ဖျက်ခံရမယ့် နောက်ထပ်ရပ်ကွက်ခံတဦးကပြောပါတယ်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကတော့ သူတို့သတ်မှတ်ရက်အတွင်း နေအိမ်အဆောက်အဦတွေ ဖျက်သိမ်းဖယ်ရှားပေးခြင်းမရှိရင် ဥပဒေအရ အရေးယူမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

လက်ရှိမှာတော့ ဖျက်သိမ်းပြီးတဲ့နေအိမ်တွေရှိသလို ဖျက်သိမ်းနေဆဲနေအိမ်တွေလည်းရှိပြီး ၊မဖျက်သိမ်းသေးတဲ့ အိမ်တွေလည်းရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မင်္ဂလာဒုံ #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW