ရာသီဥတုနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဝဥဈေးကွက်ပျက်နေ

နိုဝင်ဘာ ၂၅ – ၂၀၂၂
SN (VOM)

လက်ရှိမှာ ရာသီဥတုကြောင့် ဝဥစိုက်ခင်းတွေ ပျက်စီးသလို တိုက်ပွဲတွေဖြစ်နေကြောင့်လည်း စိုက်ခင်းတွေကို စွန့်ပစ်ခဲ့ရတဲ့အတွက် ထုတ်လုပ်မှုနည်းကာ ဆုံးရှုံးမှုတွေရှိနေပြီး စျေးကွက်ပျက်နေတယ်လို့ သိရပါတယ်။

“မိုးကမပြတ် ရွာနေတော့ အခင်းတွေပျက်စီးတယ်။ တချို့ကျ တိုက်ပွဲတွေဖြစ်လို့ ထွက်ပြေးနေရတာကြောင့်လည်း အခင်းတွေကို ဒီအတိုင်းထားခဲ့ရတာရှိတယ်။ အကုန်လုံးလိုလိုက စစ်ရှောင်စခန်း ရောက်နေကြတော့ မခူးဆွတ်နိုင်ကြဘူး။ ပြီးတော့ ကုန်သွယ်ရေးစနစ် အခက်အခဲကြောင့် တရုတ်ဘက်ကလည်း အဝယ်မရှိတော့ဘူး။ ဈေးကွက်ပျက်နေတယ်”လို့ ချင်းပြည်နယ်မှ ဝဥစိုက်တောင်သူတဦးက ပြောပါတယ်။

ပြည်တွင်းကထွက်ရှိတဲ့ ဝဥခြောက်ကို တရုတ်နိုင်ငံက အဓိက ဝယ်ယူနေတာဖြစ်ပြီး မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ရဲ့ ကုန်သွယ်မှုစနစ် ဖြေလျော့လာမှသာ ဈေးကွက်အနေအထား ပြန်ကောင်းလာနိုင်ခြေရှိတယ်လို့ ကုန်သည်တွေက သုံးသပ်ကြပါတယ်။

”ပို့ကုန်၊ သွင်းကုန် မူဝါဒစနစ်တွေက အမျိုးမျိုးပြောင်းနေတော့ ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်မှုက အခက်အခဲရှိတယ်။ တဆင့်ချင်း ပြန်ပြီးဖြေလျော့ပေးမယ်ဆိုရင်တော့ လုပ်ရကိုင်ရ အဆင်ပြေနိုင်မယ်။ အခုတမျိုး တော်ကြာတမျိုးနဲ့ အမျိုးမျိုးပြောင်းနေရင်တော့ မလွယ်ဘူး”လို့ ပို့ကုန်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ချင်းပြည်နယ်က ဝဥကို မန္တလေးနဲ့ မုံရွာမြို့က လုပ်ငန်းရှင်တွေ အများဆုံးလာဝယ်ကြပြီး တရုတ်နိုင်ငံအပြင် ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေကိုလည်း တင်ပို့နေခြင်းဖြစ်ကာ ဈေးကွက် အလားအလာရှိတဲ့ သီးနှံအမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

ကုန်ကြမ်းအဆင့်အနေနဲ့ ပြည်ပတင်ပို့နေတာဖြစ်ပြီး ဂျပန်၊ တရုတ်နိုင်ငံတို့က ဝဥဆန်၊ ဝဥခေါက်ဆွဲ၊ ဝဥကြာဇံ စတဲ့ တန်ဖိုးမြှင့် ထုတ်ကုန်တွေပြုလုပ်ကာ ပြန်လည်တင်သွင်းကြတယ်လို့ သိရပါတယ်။

ဝဥ ၁ ဧကကို စိုက်ပျိုးစရိတ် ကျပ်သိန်း ၂၀ အထိ ကုန်ကျပြီး ပြန်လည်ရောင်းချတဲ့အခါမှာတော့ ပျမ်းမျှ ကျပ်သိန်း ၅၀ ကနေ သိန်း ၆၀ အထိ ဝင်ငွေရရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ချင်းပြည်နယ်အတွင်း ထိတွေ့တိုက်ပွဲတွေကြောင့် ပြည်နယ်ရဲ့အဓိက စိုက်ပျိုးသီးနှံဖြစ်တဲ့ ဝဥထုတ်လုပ်မှုဟာ ကျဆင်းနိုင်‌ခြေရှိတယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဝဥသီးနှံကို ဧက ၁၃,၀၀၀ ကျော် စိုက်ပျိုးထားပြီး ချင်းပြည်မှာအဓိက စိုက်ပျိုးထားခြင်းဖြစ်ကာ ဒေသခံတောင်သူတွေအနေနဲ့ ဝဥကို ကုန်ကြမ်းအဖြစ် တူးဖော်ရောင်းချကြသလို တချို့လုပ်ငန်းရှင်တွေကတော့ တန်ဖိုးမြှင့်ထုတ်လုပ်ပြီး ရောင်းချကြတယ်လို့ သိရပါတယ်။

တန်ဖိုးမြှင့်ထုတ်ကုန်တွေဖြစ်တဲ့ ဝဥလွှာခြောက်၊ ဝဥမှုန့်၊ ဝဥစားသောက်ကုန်တွေကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ ဝဥစက်ရုံနဲ့ လုပ်ငန်းအတွက် International Finance Corporation (IFC) နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်ဒေါ်လာ ၁ သန်းကနေ ၃ သန်းအထိ ရင်းနှီးမြှုပ်နှံပြီး အကောင်အထည်ဖော်ဖို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်မှာ ကနဦး သဘောတူညီချက်လက်မှတ် ရေးထိုးဖို့ စီစဉ်ထားခဲ့ပေမယ့် နိုင်ငံရေးအပြောင်းအလဲ‌ကြောင့် စီမံကိန်း အကာင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ဝဥစျေးကွက်ကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW