အရာတော်က နွားမသင်းကျေးရွာမှာ လူနေအိမ် ၈၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး လူ ၁ ဦး မီးလောင်သေဆုံး

နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ နွားမသင်းကျေးရွာမှာ မနေ့ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းက လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး အဲ့ဒီ မီးလောင်ပြင်မှာ သက်ကြီးရွယ်အို လူတယောက်လည်း မီးလောင်သေဆုံးသွားတယ်လို့ အရာတော်ဒေသခံတွေဆီက သိရပါတယ်။

” မနက် ၈ နာရီလောက်မှာ သေနတ်သံတွေကြားရတော့ ရွာကလူတွေ ပြေးကြတယ် ၊ အချိန်သိပ်မကြာဘူး ၊ ရွာဘက်ကနေ မီးခိုးလုံးတွေတက်လာတယ် ၊ အိမ်တွေ မီးရှို့ခံရပြီလို့ သိရတယ် ၊ ဘယ်အဖွဲ့စည်းက ရှို့တယ်ဆိုတာ ပြေးနေရတော့ မသိဘူး ၊ ညနေပိုင်း ရွာပြန်ရောက်မှ သိရတာက အိမ်ခြေ ၈၃ လုံး မီးလောင်တယ် ၊ အသက် ၉၀ ကျော် မျက်မမြင်သူ ဒေါ်ဌေးဆိုတာ အဲ့ဒီ မီးလောင်ပြင်ထဲမှာ သေဆုံးသွားတယ် ၊ အဲ့ဒီ အပြင် မီးမလောင်တဲ့ အိမ်တွေက အိမ်တွင်းပစ္စည်းတွေ ပျောက်ဆုံးနေတာရှိတယ် “လို့ နွားမသင်းရွာနေ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ ဒေသခံ ပရဟိတသမား တယောက်က ” အရာတော်မြို့နယ်ထဲမှာ ရွာလုံးကျွတ် မီးရှို့ခံရတာတွေ မနှစ်ကစလို့ ရှိခဲ့တယ် ၊ မနေ့က နွားမသင်းရွာ ဖြစ်စဥ်မှာလည်း လူသေဆုံးတာတွေရှိခဲ့သလို ၊ အိမ်မွေး တိရစ္ဆာန် အများအပြား သေဆုံးတယ် ၊ အတိအကျတော့ မသိရသေးဘူး ” လို့ ပြောပါတယ်။

နွားမသင်းရွာ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး အရာတော်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ မုံရွာခရိုင် လုံခြုံရေးအဖွဲ့ဆီ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကစလို့ မုံရွာခရိုင် ၄ မြို့နယ်ထဲက အရာတော်မြို့နယ်ဟာ မီးလောင်မှုဖြစ်စဥ် အများအပြား ဖြစ်ခဲ့ပြီး လက်ရှိအချိန်ထိ မီးဘေးသင့် ပြည်သူ ရှစ်ရာ နီးပါးရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #အရာတော်

Related posts

Leave a Comment

VOM News

FREE
VIEW