ပန်ဆန်းမြို့မှာ ထရန်စဖာ ပေါက်ကွဲပြီး လူ ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရ

နိုဝင်ဘာ ၃၀၊ ၂၀၂၂
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ ပန်ဆန်းမြို့၊ နားလော်မှာ ဒီကနေ့ ‌နိုဝင်ဘာ ၃၀ မနက် ၁၀ နာရီကျော်ဝန်းကျင်ခန့်က လျှပ်စစ် ထရန်စဖာ ပေါက်ကွဲပြီး လူသုံးဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိကြောင်း ဝ ပြည်ပဆက်ဆံရေးရုံး တာဝန်ရှိပုဂ္ဂိုလ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။

“လောလောဆယ်တော့ သုံးယောက်ကတော့ သေတာပေါ့နော်။ အဆောက်အဦတွေ တော်တော်တော့ ပျက်စီးတယ်။ ကားတွေရော ထိတယ်။ အခုလောလောဆယ် အတိအကျတော့ မသိရသေးဘူး။”လို့ UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောပါတယ်။

ပေါက်ကွဲမှုမှာ လက်ရှိ လူသုံးဦးသေဆုံးပြီး လူအများအပြားဒဏ်ရာရရှိထားကာ ထိခိုက်ဒဏ်ရာရသူဦးရေ အတိအကျတော့ မသိရသေးတဲ့အပြင် အနီးနားဝန်းကျင်ရှိ အဆောက်အဦနဲ့ ကားတွေပါ အများအပြား ထိခိုက်ပျက်စီးတာမျိုးရှိတယ်လို့ သူက ပြောပါတယ်။

ထရန်စဖော်မာက သက်တမ်းကြာနေပြီ ဖြစ်သလို မီးသွယ်တာ များတာကြောင့် အပူလွန်ကဲပြီး ပေါက်ကွဲလာတာလို့ယူဆရကာ သတိထား ဂရုစိုက်ရမှာ ဖြစ်ကြောင်း သူကရှင်းပြပါတယ်။

“ဖြစ်တာက နားလော်နားမှာပေါ့။ ကားကွင်းရဲ့ အနောက်နားမှာ။ သုံးယောက် သေတယ်။ အများအပြား ဒဏ်ရာရတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီမှာ လျှပ်စစ်ရုံးနဲ့ လားရှိုး၊ တန့်ယန်း၊ မိုင်းပေါက်၊ မိုင်းလား ကားဂိတ်တွေရှိပြီး အဲဒီ ကားကွင်းရဲ့ အနောက်ကျောဘက်ဖြစ်ကာ ပေါက်ကွဲအား ပြင်းထန်တာကြောင့် ‌ဖြစ်တဲ့နေရာနဲ့ ပေ၂၀၀ ကျော် ဝန်းကျင်ခန့်အထိ ပေါက်ကွဲ လွှင့်စင်ကုန်တာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။

အရင်တုန်းကတော့ အဲသလိုမျိုး ဖြစ်စဉ် တစ်ခါမှ မဖြစ်ဖူးဘူး လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

Photo – ဒေသခံ
#voiceofmyanmar #VOM #ဖျာပုံ

Related posts

Leave a Comment

VOM News

FREE
VIEW