ပုသိမ်မှာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ အထည်ချုပ်စက်ရုံပိတ်လို့ အလုပ်သမားတွေအခက်တွေ့

ဒီဇင်ဘာ၊၃-၂၀၂၂
MM (VOM)

အလုပ်သမား ၁၀၀၀ ကျော်ရှိတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၁၁) ရပ်ကွက်၊ တဲကြီးကုန်းလမ်းက Myanmar All Rich အထည်ချုပ်စက်ရုံကို ၂ လ ပိတ်သိမ်းမှာဖြစ်ပြီး စက်ရုံကို အလုပ်ဆင်းခွင့်မပြုတော့ဘူးလို့ သိရပါတယ်။

Myanmar All Rich အထည်ချုပ်စက်ရုံကို အော်ဒါ အထည်မှာယူတာ မရှိလို့ဆိုပြီး ဒီဇင်ဘာ ၂၅ ရက်ကနေ စတင်ကာ နှစ်လပိတ်သိမ်းမယ်လို့ အလုပ်သမားတွေကို တစ်ကြိမ် ပြောဆိုခဲ့ပြီး အထည်ချုပ်စက်ရုံကို ဒီဇင်ဘာ ၁ ရက်ကနေစတင်လို့ အလုပ်ဆင်းခွင့်မပြုတော့တဲ့အတွက် အလုပ်သမားတွေ အခက်ဖြစ်ပေါ်နေတယ်လို့ အထည်ချုပ်အလုပ်သမားခေါင်းဆောင်တဦးက ပြောပါတယ်။

”အဲ့ဒီ့ Myanmar All Rich အထည်ချုပ်စက်ရုံက
အလုပ်သမား ၁၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ စက်ရုံပါ ၊ စက်ရုံကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကတည်းက ယာယီပိတ်သိမ်းမယ်ဆိုပြီး အလုပ်သမားတွေကို ပြောခဲ့တာ ၊ အလုပ်သမားတွေဘက်က လက်မခံတာကြောင့် ရက်ပြောင်းလိုက်တာ၊ ရက်တာပြောင်းလိုက်တာ၊ အလုပ်ကို ဒီဇင်ဘာ ၁ ရက်ကနေ ဆင်းခွင့်မပြုတော့ဘူး ၊ လုပ်ထုံးလုပ်နည်းနဲ့ အညီဆို အထည်ချုပ်ပိတ်သိမ်းရင် တစ်လကြိုတင်ပြီး အလုပ်သမားတွေကိုပြောရမှာ၊ အခုက အလုပ်ကို ဆင်းခွင့်မပြုတော့ဘူး ၊ စက်ရုံကိုတော့ လာမယ့် ၂၅ ရက်မှပိတ်သိမ်းမယ်တဲ့ ၊ ဘာလျော်ကြေးမှ ပေးဖို့လည်း ပြောမလာဘူး ၊နှစ်လပဲနားမှာဆိုပြီး အလုပ်သမားတွေကို ပြောတယ် ၊ အခုလုပ်တဲ့ ပုံစံက ကြိုတင်အကြောင်းကြားထားပါတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင်လုပ်တာ ၊ အထည်ချုပ် အလုပ်သမားတွေက အခု စားဖို့ နေဖို့တွေ အခက်တွေ့ကုန်ပြီ”လို့ သူက ဆက်ပြောပါတယ်။

အခုလို ရုတ်တရက် စက်ရုံယာယီပိတ်လိုက်တာကြောင့် အလုပ်သမားတွေအတွက် စားဝတ်နေရေး အခက်အခဲတွေနဲ့ စတင်ရင်ဆိုင်လာရပြီး အဆောင်ခ ပေးရမယ့် အလုပ်သမားတွေ ပိုမိုအခက်တွေ့နေတယ်အလုပ်သမားတဦးက ပြောပါတယ်။

”ပုသိမ်မှာပဲ နေတဲ့သူတွေ ၊ ကိုယ့်အိမ်ကနေပဲ အလုပ်ဆင်းတဲ့သူတွေ အတွက်တော့ စားရေးနဲ့ အလုပ်ပြုတ်တဲ့ဒဏ် ခံရတယ် ၊ အဆောင်ခပေးရမယ့် သူတွေအတွက် အဆောင်ငှားသူတွေက တောင်းနေပြီ လကုန်လို့လေ ၊ မပေးနိုင်တော့ ပြဿနာစတတ်နေပြီ ၊ သက်ဆိုင်ရာ တိုင်မယ်ဆိုတဲ့သူတွေတောင် ရှိလာပြီ၊ အဆောင်နေတဲ့ အလုပ်လုပ်တဲ့ အလုပ်သမားတွေက မနည်းဘူး ၊ နိုဝင်ဘာလ အိမ်ကို လုပ်အားခ မပေးနိုင်သူတွေလည်း ရှိတယ် ၊ အလုပ်သမားတွေ အရမ်းနစ်နာနေတယ်။”လို့ ပြောပါတယ်။

Myanmar All Rich အထည်ချုပ်စက်ရုံမှာ အလုပ် ဆင်းတဲ့ အလုပ်သမား ၇၀၀ ကျော်လောက်ဟာ အဆောင်နေ အလုပ်ဆင်းသူတွေဖြစ်ပြီး စက်ရုံပိတ်မယ်ဆိုတာကြောင့် အဆောင်နေသူတွေကို အဆောင်ငှားသူတွေ ဘက်ကနေ ဆက်နေခွင့်မပြုတော့ဘဲ လူသစ်တင်မယ်လို့ဆိုကာ နင်ထုတ်တာတွေလည်းရှိလာတယ်လို့ သိရပါတယ်။

အထည်ချုပ် စက်ရုံ ပိတ်သိမ်း မယ့် အကြောင်းနဲ့ ပတ် သက်လို့ စက်ရုံ တာဝန်ရှိသူတွေနဲ့ နီးစပ်သူက ”အလုပ်သမားတွေကို တစ်လစာ လျော်ပေးမယ် ၊ စက်ရုံက အပြီးပိတ်တာမဟုတ်ဘူး ၊ နှစ်လပဲနားမှာဆိုပြီး အလုပ်သမားတွေကို အကြောင်းကြားထားတယ်လို့သိရတယ် ၊စက်ရုံကိုတော့ အခုလ ၂၅ ရက်ကျမှ ယာယီပိတ်သိမ်းမှာပါ ၊ အလုပ်ကို ယာယီရပ်နားတဲ့အတွက် နစ်နာကြေးတွေ ပေးမယ်လို့စက်ရုံဘက်က အကြောင်းကြားထားတယ်လို့ သိရတယ်။”လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီMyanmar All Rich အထည်ချုပ်စက်ရုံကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က စတင်ပြီး လခစားစနစ်နဲ့ အထည်ချုပ်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်ကလည်း ပုသိမ်မြို့၊ အမှတ် (၁၃) ရပ်ကွက်မှာရှိတဲ့ Chai Moon Sport အထည်ချုပ်စက်ရုံကို အထည်အော်ဒါမှာယူတာမရှိလို့ဆိုပြီး ပိတ်သိမ်းခဲ့ရပြီး အလုပ်သမား ၈၀၀ နီးပါးအလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ အလုပ်သမားတွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #အထည်ချုပ်စက်ရုံပိတ်သိမ်း #အလုပ်သမားတွေအခက်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW