တရုတ်ပြည်မဘက်က မြို့ကြီးတွေ လော့ခ်ဒေါင်း ဖြေလျှော့လိုက်တာကြောင့် ဝမ်တိန် ဖရဲကွင်းမှာ အရောင်းအဝယ် စလုပ်

ဒီဇင်ဘာ ၅၊ ၂၀၂၂
Sh V (VOM)

တရုတ် – မြန်မာ နှစ်နိုင်ငံ အဓိက သစ်သီးတွေ အရောင်းအဝယ်လုပ်တဲ့ နှစ်နိုင်ငံနယ်စပ် တရုတ်ဘက်ခြမ်း ဝမ်တိန်က သစ်သီး အရောင်းကွင်းမှာ တရုတ်ပြည်မဘက်က မြို့ကြီးတွေ လော့ခ်ဒေါင်း ဖြေလျှော့လိုက်တာကြောင့် ဒီနေ့ ဒီဇင်ဘာ ၅ ရက်နေ့ကစ အရောင်းအဝယ်ပြန်လုပ်နေပြီလို့ သစ်သီး ပို့ကုန် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“ဒီနေ့ကစပြီး တရုတ်ပြည်မ မြို့ကြီးအားလုံး လော့ခ်ဒေါင်း ဖြေလျှော့လိုက်ပါပြီ။ ဒီနေ့ကစ ဖရဲရောင်းတဲ့ နေရာမှာ အရောင်းဝယ် စလုပ်ပါတယ်။ တရုတ်ဘက်ထဲက မြို့ကြီး တော်တော်များများကို ကိုဗစ် မစစ်တော့ သလို ဖရဲ၊သခွားတွေကို တရုတ်ပြည်မဘက်က မြို့ကြီးတွေကို လွတ်လပ်စွာ သယ်ဆောင် ခွင့် ပြုလိုက်တာဖြစ်တယ်” လို့ မြန်မာဘက်က သစ်သီး ပို့ကုန် လုပ်ငန်းရှင် ၁ ဦး က ပြောပါတယ်။

အရင်ကတော့ တရုတ်ဘက်က zero ကိုဗစ် စနစ်ကြောင့် မြန်မာဘက်က တင်ပို့လာတဲ့ အေးခဲ ကုန်၊ သား၊ ငါး၊ ဖရဲ၊ သခွား၊ ငရုတ်သီး က အစ ကုန်စိမ်းတွေအားလုံးကို ကိုဗစ် ပိုး ရှိ၊မရှိ အထပ်ထပ် စစ်ဆေးရတာဖြစ်တယ်လို့ သိရပါတယ်။

အခုလို တရုတ်ဘက်က ကိုဗစ်စည်းကမ်း တင်းကြပ်မှု ဖြေလျှော့လိုက်တာကြောင့် မြန်မာဘက်က တရုတ်ဘက်ကို အဓိကအားထား ပို့ဆောင်နေရတဲ့ ဖရဲ၊ သခွားတွေ အတွက် မျှော်လင့်ချက်ရှိလာတယ်လို့ နယ်စပ် သစ်သီးပို့ကုန်လုပ်ငန်းတွေနဲ့ ဆက်စပ်သူတွေက ပြောပါတယ်။

“ဒီနေ့ ဖရဲ ၁ Kg ကို ၁.၈ ယွမ်၊ ရွှေသခွား ၁ Kg ကို ၃ ယွမ် မှ ၄ ယွမ်ထိ ရပါတယ်”လို့ သစ်သီး ကုန်သည် ၁ ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက မြန်မာ့ ဖရဲ၊သခွား ဈေးကွက်ဖြစ်တဲ့ တရုတ်ဘက်က ချန်ဒူး၊ ချုံချင်း၊ ပီကင်း စတဲ့ မြို့တွေမှာ လော့ခ်ဒေါင်း ဖြစ်နေပြီး တင်ပို့ဖို့ ဈေးကွက် နည်းခဲ့တာကြောင့် ဖရဲ ၁ Kg ကို ၁ ယွမ်နဲ့ ၁.၈ ယွမ်ကြား၊ သခွား ၁ Kg ကို ၁.၅ ယွမ်နဲ့ ၃ ယွမ် ကြားသာရခဲ့တယ်လို့လည်း သိရပါတယ်။

Photo – MK
#voiceofmyanmar #VOM #နယ်စပ် #ကိုဗစ်ဖြေလျှော့ #ဖရဲသခွါးစျေးကွက်ကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW