ကိုဗစ်ကို မေ့လျော့ထားကြပြီလား

သွေး (စစ်ကိုင်း)

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် 19 ဖြစ်ပွားမှု လျော့ကျလာတယ် ဆိုပေမဲ့ လုံးဝစိတ်ချရတဲ့ အနေအထားမာှ‌တော့ မရှိသေးသလို ကိုဗစ်မျိုးကွဲသစ်တွေလည်း ကမ္ဘာပေါ်မှာ ထပ်မံပေါ်ထွက် ကူးစက်နေဆဲပါ။ ကျမတို့ မြန်မာနိုင်ငံမှာလည်း ကိုဗစ် 19 ရောဂါပိုးကူးစက်မှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ကိုဗစ် မျိုးကွဲသစ်တွေ ဆက်လက် ထွက်ပေါ် ကူးစက်လာနိုင်တာကိုလည်း သတိပြုရမှာဖြစ်သလို အခုဆိုရင် ကိုဗစ် 19 စည်းကမ်းချက်တွေကို လိုက်နာသူတွေ နည်းပါးလာနေတာက ကိုဗစ်ကူးစက်မှု ပိုမို ဖြစ်ပေါ်စေနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။

ကိုဗစ် 19 ပထမလှိုင်းမှာတုန်းက အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေ၊ ဘတ်စကားမှတ်တိုင်တွေမှာ ရောဂါ ကာကွယ်နိုင်ဖို့ ရေနဲ့ဆပ်ပြာ ထားရှိပေးတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ရေနဲ့ ဆပ်ပြာ ထားရှိပေးတဲ့ လက်ဆေးဗေစင်တွေ မတွေ့ရတော့ပါဘူး။ ဒါအပြင် အပြင်ထွက်တဲ့အခါ ဘတ်စ်ကားစီးတဲ့အခါ ဈေးတွေထဲ သွားတဲ့အခါတွေမှာ နှာခေါင်းစည်းတပ်ဆင်သူ အလွန်နည်းပါးလာနေပါတယ်။ ကိုဗစ် 19 ‌ရောဂါ ကူးစက်မှု လျော့ကျလာတာကြောင့်လို့ ပြောနိုင်ပေမဲ့ သတိမပြုမိရင် မပြုမိသလို ပြန်လည်ကူးစက်ခံရနိုင်တာ မမေ့သင့်ပါဘူး။

များသောအားဖြင့် တင်းကျပ်လွန်းတဲ့ ကိုဗစ် 19 စည်းကမ်းတွေကို ကမ္ဘာပေါ်မှာလည်း သိပ်မလိုက်နာလိုကြပါဘူး။ ဥရောပနိုင်ငံတချို့မှာ နှာခေါင်းစည်း မတပ်ဆင်ရဖို့ ဆန္ဒဖော်ထုတ်တာတွေ ပြုလုပ်လာကြသလို ကိုဗစ် 19 ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်နေတာတွေလည်း ရှိပါတယ်။

ဒီနေရာမှာ မေးခွန်းတစ်ခုက ကိုဗစ် 19 ကာကွယ်ဆေး ထိုးနှံထားရုံနဲ့ ရောဂါမကူးစက်အောင် ကာကွယ်နိုင်ပြီလားဆိုတဲ့ မေးခွန်းပါ။ ကိုဗစ် 19 ကာကွယ်ဆေးနဲ့ အားဖြည့်ဆေး ထိုးထားပြီးသူတွေမှာတောင် ကိုဗစ် ကူးစက်မှု ခံခဲ့ရတဲ့ သာဓကတွေ ရှိပါတယ်။ အမေရိကန် ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေး ဗဟိုဌာန (CDC) ကတော့ ဘယ်ကာကွယ်ဆေးကမှ ကိုဗစ် 19 ကို ၁၀၀ ရာခိုင်နှုန်းပြည့် မကာကွယ်နိုင်ဘူးလို့ ဆိုပါတယ်။ ကိုဗစ် 19 ကာကွယ်ဆေး ထိုးထားတဲ့သူတစ်ယောက်ဟာ ရောဂါကူးစက်ခံရရင် ရောဂါပြင်းထန်မှု မရှိတာ၊ အသေအပျောက် နည်းပါးတာတွေကတော့ အားသာချက် ဖြစ်ပါတယ်။ တကယ်လို့ အားဖြည့်ကာကွယ်ဆေး ထိုးထားမယ်ဆိုရင် ဘယ်လိုအသက်အရွက် အုပ်စုမှာမဆို ဆေးရုံတက် ကုသရတဲ့အထိ ရောဂါပြင်းထန်မှု မဖြစ်နိုင်ကြောင်း တွေ့ရပါတယ်။

ကာကွယ်ဆေးတွေထဲမှာ အကျိုးသက်ရောက်မှု ရှိတဲ့ ကာကွယ်ဆေးတွေက Pfizer-Bio N Tech နဲ့ Moderna တို့ ဖြစ်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုကတော့ ဒယ်လ်တာမျိုးကွဲ ဖြစ်ပွားချိန်နဲ့ အိုမီခရွန်မျိုးကွဲ ဖြစ်ပွားချိန် နှိုင်းယှဉ်ကြည့်ရင် ကာကွယ်ဆေးရဲ့ အစွမ်းထက်မှုက အိုမီခရွန်မျိုးကွဲ ဖြစ်ပွားချိန်မှာ လျော့ကျသွားတယ် ဆိုတဲ့ အချက်ပါ။ Pfizer-Bio N Tech ကိုဗစ် 19 ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားတဲ့ အသက် ၅ နှစ်ကနေ ၁၈ နှစ်ကြား ကလေးတွေကို လေ့လာကြည့်တဲ့အခါ ကိုဗစ်နဲ့ ဆက်စပ်နေတဲ့ နောက်ဆက်တွဲ ရောဂါတွေကို ကာကွယ်ဆေး ထိုးနှံမထားသူတွေထက် ပိုပြီး ရောဂါကူးစက်မှုကို ကာကွယ်နိုင်တာ တွေ့ရပါတယ်။

ကိုဗစ် နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေ ချမှတ်ရာမှာ ရောဂါမကူးစက်နိုင်အောင် လိုအပ်တဲ့ ကန့်သတ်ချက်တွေ ချမှတ်ရတယ် ဆိုပေမဲ့ အများပြည်သူတွေရဲ့ လူမှုစီးပွားဘဝကို မထိခိုက်အောင် ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ကိုဗစ်လုံးဝ ပပျောက်ရေး ရည်ရွယ်ပြီး ကိုဗစ်ဇီးရိုးမူနဲ့ တင်းကျပ်တဲ့ Lockdown တွေချမှတ်ခဲ့တာကြောင့် ကျေနပ်မှုတွေ ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ကိုဗစ် Lockdown ကြောင့် တရုတ်နိုင်ငံ အနောက်ပိုင်းက မြို့တစ်မြို့မှာ အထပ်မြင့်တိုက်ခန်း မီးလောင်မှု အတွင်း လူ ၁၀ ယောက် သေဆုံးရပြီးတဲ့နောက် မကျေနပ်မှုတွေ ပိုများလာခဲ့ပါတယ်။ အဲဒီနောက် လူထုရဲ့ ဆန္ဒဖော်ထုတ်မှုတွေပါ ဖြစ်ပေါ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖြစ်ရပ်ကနေ ကိုဗစ်ကန့်သတ်ချက်တွေကို လိုအပ်သလို အလျှော့အတင်း ပြုလုပ်ဖို့ လိုကြောင်း ညွှန်ပြနေတာလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်သူကို အတင်းအကျပ် လိုက်နာစေအောင် လုပ်ဆောင်တာထက် လိုက်နာလာအောင် ဆွဲဆောင်ပြောဆိုတာ၊ ကျန်းမာရေး အသိ ကျန်းမာရေးသတိပေးတာ၊ လူမှုစီးပွားဘဝတွေ အဆင်ပြေအောင် ကူညီတာက ပိုကောင်းတယ် လို့ ဆိုရမှာပါ။

ကိုဗစ် 19 ရဲ့ နောက်ဆက်တွဲ ရောဂါတွေကြောင့် သေဆုံးမှုတွေ ရှိနေတာကိုလည်း မေ့မထားသင့်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဝေဒနာခံစားရတဲ့ အခြေအနေ မတူပေမဲ့ တူညီတဲ့ အချက်ကတော့ မောပန်းနွမ်းနယ်တာပဲ ဖြစ်ပါတယ်။ ကိုဗစ် 19 ရောဂါကနေ သက်သာလာတဲ့သူ တစ်ယောက် ဒါမှမဟုတ် ကိုဗစ်ကူးစက်ခံရဖူးသူ တစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုဖြစ်တဲ့ စိတ်ဓာတ်ကျတာမျိုး ဖြစ်နိုင်တာမို့ မိသားစုကနေ နွေးနွေးထွေးထွေး ဆက်ဆံဖို့ လိုပါတယ်။ ကိုဗစ် 19 ကာကွယ်ဆေး ထိုးထားသူနဲ့ ထိုးမထားသူကို နှိုင်းယှဉ်လေ့လာကြည့်မယ် ဆိုရင် ကာကွယ်ဆေး ထိုးနှံမထားသူ တစ်ယောက်က ကိုဗစ်နောက်ဆက်တွဲ ဝေဒနာတွေကို ပိုခံစားရနိုင်တယ် လို့ ဆိုပါတယ်။ တချို့က ကိုဗစ်ဖြစ်ပြီး သီတင်း ၄ ပတ်ကြာပြီးတဲ့အထိ နောက်ဆက်တွဲဝေဒနာတွေ ခံစားရပြီး ကိုယ်ခံအားပေါ် မူတည်ပြီး လနဲ့ချီခံစားရသူတွေလည်း ရှိပါတယ်။ အသက်ရှူရခက်တာ၊ ရင်ဘတ်အောင့်တာ၊ နှလုံးခုန်နှုန်း မြန်တာ၊ ချောင်းဆိုးတာတွေ ခံစားရလေ့ ရှိပါတယ်။ အာရုံကြောဆိုင်ရာ လက္ခဏာတွေ အနေနဲ့ တစ်ခုခုကို အာရုံစိုက်ရ ခက်ခဲတာ၊ ခေါင်းကိုက်တာ၊ အိပ်မပျော်တာ၊ အိပ်ရာထချိန်မှာ ထိုင်းမှိုင်းလေးလံနေတာ၊ စိုးရိမ်သောကများတာတွေ ဖြစ်နိုင်ပါတယ်။ ဝမ်းပျက် ဝမ်းလျှောတာ၊ အစာအိမ်ယောင်တာ၊ ကြွက်သားနာကျင်တာတွေလည်း ဖြစ်နိုင်တာမို့ ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါဘူး။ ဒါကြောင့် ကိုဗစ် 19 ကူးစက်မခံရအောင် သတိထား ကာကွယ်နေထိုင်ခြင်းက အကောင်းဆုံးပါပဲ။ ကန့်သတ်မှုတွေကို မြန်မြန်ဆန်ဆန် ဖြေလျှော့လိုက်တယ် ဆိုရင် တစ်ကျော့ပြန် ကူးစက်မှုတွေ ပြန်ဖြစ်လာနိုင်ပါတယ်။

ကိုဗစ် 19 မျိုးကွဲ တစ်ခုနဲ့ တစ်ခုမှာလည်း ကူးစက်ခံရရင် ရောဂါပြင်းထန်ပုံချင်း မတူပါဘူး။ ဥပမာပြောရရင် ဒယ်လ်တာမျိုးကွဲနဲ့ အိုမီခရွန်မျိုးကွဲမှာဆိုရင် အိုမီခရွန်မျိုးကွဲက ကူးစက်မှု ပိုမိုမြန်ဆန်ပေမဲ့ ရောဂါပြင်းထန်မှုမှာတော့ ဒယ်လ်တာမျိုးကွဲက ပိုပြင်းထန်တာမျိုးပါ။ လက်ရှိအချိန်မှာ စင်ကာပူနိုင်ငံမှာ ကိုဗစ်မျိုးကွဲတွေ ပိုမိုကူးစက်လာမလား ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ တရုတ်နိုင်ငံမှာ ပြည်သူတွေရဲ့ မကျေနပ်မှုကြောင့် ကိုဗစ်နဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေ ဖြေလျှော့ပေးလိုက်တဲ့ အတွက် ဖြစ်ပါတယ်။ စင်ကာပူ ကျန်းမာရေးဝန်ကြီးက ခရစ်စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးပွဲတော် နီးကပ်လာတာနဲ့ အမျှ ခရီးထွက်ကြတာတွေ ပိုများလာပြီး ကူးစက်မှုတွေ များပြားလာနိုင်တယ်လို့ ဆိုပါတယ်။South China Post သတင်းဌာနမှာ ဖော်ပြချက်အရ ၂၀၂၂ ခုနှစ် အတွင်း စင်ကာပူနိုင်ငံဟာ ကိုဗစ်လှိုင်း ၃ လှိုင်းနဲ့ တွေ့ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ဧပြီလ,မှာ BA.2 အိုမီခရွန်မျိုးကွဲ ကူးစက်မှု ဖြစ်ပွားခဲ့ပြီး၊ ဇူလိုင်လ,ထဲမှာ BA.4 နဲ့ BA.5 မျိုးကွဲကူးစက်မှုတွေ ဖြစ်ခဲ့တာပါ။ နောက်ဆုံးကူးစက်မှုကတော့ XBB မျိုးကွဲ ကူးစက်မှုဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာလည်း XBB မျိုးကွဲကို ခြေရာခံမိထားကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကုသရေး ဗဟိုဌာနကလည်း ဒီဇင်ဘာလ,ထဲမှာပဲ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒီမျိုးကွဲဟာ တစ်နိုင်ငံလုံး ကူးစက်မှု တွေရဲ့ ၃ ဒသမ ၁ ရာခိုင်နှုန်းရှိတယ်လို့ ခန့်မှန်းထားပါတယ်။ တောင်အာရှနိုင်ငံတွေမှာပါ ကူးစက်မှုတွေ ရှိလာနေပါတယ်။ XBB မျိုးကွဲရဲ့ ရောဂါလက္ခဏာတွေကတော့ ဖျားတာ၊ နာတာရှည်မောပန်းနွမ်းနယ်တာ၊ ခန္ဓာကိုယ် ကိုက်ခဲ့တာ၊ ခေါင်းကိုက်တာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာရည်ယိုတာ၊ ပျို့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်နဲ့ ဝင်ရောက်လာမယ့် ခရီးသွားတွေအတွက် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျှော့ပေးလာတာ တွေ့ရပါတယ်။ ဒါဟာ ခရီးသွား ပြည်သူတွေအတွက် အဆင်ပြေချောမွေ့မှု ဖြစ်စေပေမဲ့ တစ်ဖက်ကလည်း ကိုဗစ်မျိုးကွဲတွေ ကူးစက်လာနိုင်တဲ့ အခြေအနေကို သတိပြုရမှာပါ။ ကိုဗစ်စည်းကမ်းချက်တွကို ပြည်တွင်းမှာ လိုက်နာသူ နည်းလာတာ၊ နှာခေါင်းစည်းတပ်သူ နည်းလာတာတွေကနေ တစ်ကျော့ပြန်ကူးစက်မှုတွေ မဖြစ်စေဖို့၊ ကိုဗစ်ကို ပေါ့ပေါ့ဆဆ သဘောမထားဘဲ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးအသိ ကျန်းမာရေးသတိနဲ့ ဘယ်အချိန်မဆို ကာကွယ်နေထိုင်ကြဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

#voiceofmyanmar #VOM #သွေး(စစ်ကိုင်း) #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW