နှစ်နဲ့ချီပိတ်ထားရတဲ့ ကျယ်ဂေါင်မြို့ တရုတ်ဘက်က ကိုဗစ်ဖြေလျှော့မှုကြောင့် စတင်အသက်ဝင်လာ

ဒီဇင်ဘာ ၉-၂၀၂၂
Shy V(VOM)

နှစ်နဲ့ချီ ပိတ်ထားတဲ့ မြန်မာ – တရုတ်နယ်စပ်ကျယ်ဂေါင်မြို့လည်း ဒီရက်ပိုင်းတွေအတွင်း တရုတ်ဘက်က ကိုဗစ် သတ်မှတ်ချက်တွေ ဖြေလျှော့လိုက်တာကြောင့် စတင် သက်ဝင်လှုပ်ရှားလာပြီလို့ နယ်စပ် ကုန်သည်တွေဆီက သိရပါတယ်။

“အကုန်လုံး လုံးဝ ဖွင့်လိုက်တာလေ။ မှန်တယ်။ မှန်တယ်။ ကျယ်ဂေါင်ဘက်လည်း လာလို့ရတယ်။ ဒါပေမယ့် မှတ်ပုံတင်တို့ ဘာတို့တော့ ယူလာရမှာ ပေါ့နော်။”လို့ ပို့ကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ကျယ်ဂေါင်မှာ ဆိုင်တွေကို ဖွင့်ခွင့်ပြုလိုက်သလို လူတွေအများအပြား သွားလာနေပြီ ဖြစ်ပေမယ့် လူနေထိုင်တာ မရှိသေးတဲ့အပြင် မြန်မာကုန်သည်တွေရဲ့ လက်ကျန် ကုန်ပစ္စည်းတွေကိုတော့ သယ်ယူခွင့် မရသေးဘူးလို့ ပြောပါတယ်။

ကျယ်ဂေါင်က ကျောက်စိမ်းကုန်သည် တဦးကတော့ ” တရုတ်ပြည်သားတွေရော မြန်မာပြည်သားတွေပါ အလွယ်တကူ သွားလာလို့ရပါပြီနော်။ ငါတို့တောင် ကျောက်ဝိုင်း သန့်ရှင်းရေး သွားလုပ်နေပြီ။ ဆိုင်လည်း ဖွင့်လို့ရပြီ။ ငါတို့တောင် သွားဖွင့်တော့မယ်။ မြန်မာနိုင်ငံသားတွေကိုလည်း မံစီ အထိ လွတ်လွတ် လပ်လပ် သွားခွင့်ပြုကြောင်းကို မနေ့က စာ ထပ်ထွက်လာတယ်။” လို့ ပြောပါတယ်။

‌တယ်ဟုန်ခရိုင်၊ ရွှေလီအပါအဝင် ပြည်နယ် တခုလုံး ဒီဇင်ဘာ ၇ ရက် ည သန်းခေါင် ၁၂ နာရီ အချိန်ကစစာသင်ကျောင်း၊ ဆေးရုံ၊ လူအိုရုံတွေမှအပ လူအများ သွားလာ‌ရာနေရာတွေကိုလည်း လွတ်လပ်စွာ သွားလာနိုင်ကြောင်း၊ အရင်က ဆေးဆိုင်တွေမှာ ဝယ်ယူခွင့်ပိတ်ထားတဲ့ ချောင်းဆိုးပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေးတွေကို လွတ်လပ်စွာ ဝယ်ယူခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း၊ အရင်က အိမ်အပြင် ထွက်မယ်ဆိုရင် ၂၄ နာရီအတွင်း ကိုဗစ်ပိုး စစ်ဆေးထားတဲ့ ထောက်ခံစာ လိုပေမယ့် အခုတော့ မလိုတော့ကြောင်း တယ်ဟုန် အစိုးရက စာထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

“မြို့ဝင်၊ မြို့ထွက် ကျန်းမာရေး QR Code စစ်တဲ့ အတားဆီး တွေ ဖြုတ်လိုက်ပါပြီ”လို့ ရွှေလီမှာနေထိုင်တဲ့ မြန်မာလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ဒါ့အပြင် ရွှေလီမြို့ထဲကို ကုန်တင်ကားတွေ ဝင်ခွင့်ပြုလိုက်တဲ့အပြင် ဂိုဒေါင်ချခွင့်ပါ ခွင့်ပြုထားကြောင်း၊ယာဉ်မောင်းတွေ ၂၄ နာရီအတွင်း ကိုဗစ်ထားတဲ့ ထောက်ခံစာ မလိုတော့ကြောင်း၊ မြန်မာကုန်ခြောက်တွေကို A ဇုန် ကနေ တရုတ် ဆေးဖြန်းကွင်းမှာ ၄၈ နာရီထားခိုင်းရာကနေ ၂၄ နာရီသာ ထားရန် လိုတော့ကြောင်း၊ ပုပ်သိုးလွယ် ကုန်တွေကိုတော့ ၁၂ နာရီ သတ်မှတ်ထားပေမယ့် ၁ နာရီ သာထားပြီး သွားခွင့်ပြုပြီ ဖြစ်ကြောင်း ထုတ်ပြန်စာမှာ ပါရှိပါတယ်။

ကုန်တင် ယာဉ်မောင်းတွေကို ကိုဗစ် စာရွက်စာတမ်းတွေ စစ်ဆေးခြင်း မရှိပေမယ့် ဝမ်တိန် – ရွှေလီကြားက တံတားမှာတော့ အိမ်စီးကား ယာဉ်မောင်းတွေကို စစ်ဆေးမှုတွေအချို့ ရှိနေသေးတယ်လို့ သိရပါတယ်။

တရုတ်ဘက် ကိုဗစ်သတ်မှတ်ချက်တွေ ဖြေလျှော့ လိုက်ပြီ ဖြစ်တာကြောင့် မြန်မာဘက်ခြမ်းလည်း တောင်သူတွေ၊ ကုန်သည်၊ ကားသမားတွေကို ကုန်ကျစရိတ် ဝန်ထုပ် ဝန်ပိုး ဖြစ်စေတဲ့ ကိုဗစ် သတ်မှတ်ချက်၊ ရှန်တိန် စနစ်နဲ့ ကားထားကွင်းကိုလည်း အစိုးရကွင်းကလွဲပြီး ဖျက်သိမ်း‌သင့်ပြီ ဖြစ်တယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။

တရုတ်-မြန်မာ အဓိက ကုန်သွယ်ရာ တံခါးပေါက်ဖြစ်တဲ့ မူဆယ်နယ်စပ်၊ ကျင်းစန်းကျော့ – ဝမ်တိန် ဂိတ် ကနေ တရုတ်ဘက်ကို မြန်မာ့ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ သစ်သီးဝလံ တွေနဲ့ ကုန်ခြောက်တွေ တင်ပို့ပြီး တရုတ်ဘက်က စိုက်ပျိုးရေး လယ်ယာသုံးကုန်၊ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ‌အိမ်ဆောက်ပစ္စည်း၊ ဆေးဝါး၊ အထည်အလိပ်နဲ့ အခြား လူသုံးကုန် မျိုးစုံကို တင်သွင်းနေတာ ဖြစ်ပါတယ်။

Photo Crd-ဒေသခံ
#voiceofmyanmar #VOM #ကျယ်ဂေါင်

Related posts

Leave a Comment

VOM News

FREE
VIEW