ကော်ဖီစေ့အစိုကို လက်ရှိပေါက်ဈေးထက် ထက်ဝက်ကျော် ဈေးနှိမ်ဝယ်ယူမှုတွေ ရှိနေ

ဒီဇင်ဘာ ၉ – ၂၀၂၂
SN (VOM)

ကော်ဖီစေ့အစိုကို လက်ရှိပေါက်ဈေးထက် ဈေးနှုန်းထက်ဝက်ကျော် ဈေးနှိမ်ဝယ်ယူမှုတွေ ရှိနေတာကြောင့် တောင်သူတွေအနေနဲ့ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ သိရပါတယ်။

ဈေးကွက်အတွင်း လက်ရှိမှာ ကော်ဖီအစို ၁ ပိဿာကို ကျပ် ၃၀၀၀ ကျော် ပေါက်ဈေးရှိနေပေမယ့် တချို့ကုန်သည်တွေက ၁၃၅၀ ကျပ်သာ ဈေးပေးဝယ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။

“ကျွန်တော်တို့ တောင်သူတွေအနေနဲ့က ကော်ဖီကို စိုက်လို့သာ စိုက်နေရတယ်၊ ဘယ်တော့မှ ဈေးကောင်းမရဘူး။ လက်ရှိပေါက်ဈေးကို ထက်ဝက်တောင်မရဘူး။ အရည်အသွေးပိုင်းနဲ့ ပတ်သက်လို့ နည်းပညာအခက်အခဲ ရှိတဲ့အတွက် ရသလောက်ဈေးနဲ့ ရောင်းနေရတယ်။ ဈေးကောင်းမရတော့ အခြားသီးနှံတွေကိုပဲ ဦးစားပေးအနေနဲ့ စိုက်ရတယ်။ ကော်ဖီကို အရန်သီးနှံအဖြစ်လောက်ပဲ စိုက်နေရတယ်။ အသက်မွေးဝမ်းကျောင်းအနေနဲ့ မစိုက်ပျိုးနိုင်သေးဘူး”လို့ ပင်လောင်းမြို့နယ်မှ ကော်ဖီစိုက်တောင်သူတဦးက ပြောပါတယ်။

အခုလို ကော်ဖီစိုက်တောင်သူတွေ အခက်အခဲ တွေ့နေစဉ်မှာ နစကဥက္ကဋ္ဌက မြန်မာ့ကော်ဖီ စျေးကွက်ရရှိရေး စီမံဆောင်ရွက်ပေးမယ့်အပြင် ချေးငွေလည်း ထုတ်ချေးပေးသွားမည်ဖြစ်ပြီး လက်ရှိမှာ ကော်ဖီအတွက် GAP လက်မှတ်တွေလည်း စနစ်တကျ ထုတ်ပေးလျက်ရှိကာ အလေ့အကျင့်ကောင်းတွေ ရရှိလာတာနဲ့အမျှ အခွန်ဖြေလျော့မှုတွေလည်း လုပ်ဆောင်ပေးမယ်လို့ ဒီဇင်ဘာ ၂ ရက်က ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဥ်မှာ ပြောဆိုခဲ့ပါတယ်။

နစကရဲ့အခုလို ပြောဆိုခဲ့မှုနဲ့ပတ်သက်လို့ ကော်ဖီ လုပ်ငန်းရှင်တဦးက “ကော်ဖီက ဘိန်းအစားထိုးသီးနှံပါ။ အခွန်က အဓိကပြဿနာ မဟုတ်ပါဘူး။ ငွေလဲနှုန်း ကန့်သတ်ချက်ကပဲ အခက်အခဲ ဖြစ်စေတာပါ။ ခိုင်မာတဲ့ မူဝါဒနဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နိုင်မှုမရှိရင် အခု အခြေအနေက မုန့်လုံးစက္ကူကပ် ဖြစ်နေမှာပဲ။ တူတူတန်တန် ဈေးပေးဝယ်မယ့် ဈေးကွက်မရှိဘူး။ လက်ရှိက တောင်သူရော ကုန်သည်ရော အဆင်မပြေတာ။ အခု ပြည်ပပို့နေတဲ့ဟာတွေကလည်း တောင်သူက အကျိုးခံစားခွင့် မရှိပါဘူး။ တောင်သူရတဲ့ဈေးက အဆင်မပြေနိုင်တဲ့ ဈေးမျိုးဖြစ်နေတာ”လို့ ပြောပါတယ်။

ပြည်ပတင်ပို့ရာမှာလည်း ကော်ဖီ ၁ တန်ကို သိန်း ၂၀၀ ဈေးဖွင့်ရင် တောင်သူဆီက သိန်း ၄၀ ဝန်းကျင်သာ ဈေးပေးဝယ်ပြီး ဘိန်းစိုက်ပျိုးမှုနဲ့ နှိုင်းယှဉ်ရင် ဝင်ငွေများစွာ ကွာဟနေတာကြောင့် ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးဖို့ တောင်သူတွေအနေနဲ့ စိတ်ဝင်စားမှု နည်းလာတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာက ကော်ဖီစိုက်ပျိုးထွက်ရှိမှု စာရင်းဇယားနဲ့ ကိုက်ညီမှုမရှိရင် ရည်မှန်းချက် ကိုက်ညီအောင် ကုန်သည်တွေဆီက ကြမ်းခင်းဈေးအထိ ဈေးနှိမ့်ဝယ်ယူမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ကော်ဖီစိုက်ပျိုးမှုကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW