ကောလင်း – ဝန်းသို ကားလမ်းမှာ အသတ်ခံထားရတဲ့ ရုပ်အလောင်း ၆ လောင်းတွေ့

ဒီဇင်ဘာ ၊ ၁၁ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင်၊ ကောလင်းမြို့ ကျော််ဇေယျ ၁ ရပ်ကွက် ၊ကောလင်း – ဝန်းသို ကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းက အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေ ဆီက သိရပါတယ်။

“သတ်ဖြတ် စွန့်ပစ်ထားတဲ့ ရုပ်အလောင်းက ၃ လောင်း ၂ နေရာ ၆ လောင်းဖြစ်တယ် ၊ သေဆုံးသူ ၆ ယောက်က အမျိုးသားတွေဖြစ်ပြီး ၃ ယောက်က လည်လှီးထားတယ် ၊ နောက် ၃ ယောက်က ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ် “လို့ သွားရောက်ကူညီပေးခဲ့ရတဲ့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

ကောလင်းမြို့ခံ တယောက်က ” လောလောဆယ်တော့ ဘယ်သူတွေ သတ်ခံရတယ်ဆိုတာ မသိရသေးဘူး ၊ သေဆုံးသူ အမျိုးသား ၆ ယောက်ဟာ အမည်မသိ (စုံစမ်းနေဆဲ) ပိုင်ရှင်မဲ့တွေဖြစ်နေတယ် ၊ ဘယ်အဖွဲ့အစည်းက သတ်တယ်ဆိုတာလည်း မသိရသေးဘူး “လို့ ပြောပါတယ်။

အဲ့ဒီ ၆ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး ကောလင်းခရိုင် ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက် နေ့တွေက မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ မင်းရွာ စံပြကျေးရွာ နားမှာလည်း ၂ ရက်ဆက်တိုက် အမျိုးသား ၈ ဦး အသတ်ခံထားရတာ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော် ကာလအတွင်း စစ်ကိုင်းတိုင်းထဲက ချောင်းဦးမြို့နယ် ၊ ကလေးမြို့နယ် ၊ ဝက်လက်မြို့နယ် ၊ ရေဦးမြို့နယ် ၊ တန့်ဆည်မြို့နယ် ၊ ဒီပဲယင်းမြို့နယ် ၊ ကန့်ဘလူမြို့နယ် စတဲ့မြို့နယ်တွေမှာ အခုလို သတ်ဖြတ်စွန့်ပစ်ထားတဲ့ ပိုင်ရှင်မဲ့ ရုပ်အလောင်းပေါင်း သုံးရာထက်မနည်း တွေ့ခဲ့ရတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ကောလင်း

Related posts

Leave a Comment

VOM News

FREE
VIEW