နမ့်ဆန်မှာ ၅ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံ ၁၀၀၀ ကျော် တိုက်ပွဲရှောင်နေရ

ဒီဇင်ဘာ ၁၁ -၂၀၂၂
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်မှာ တပ်နဲ့ TNLA တို့အကြား ၅ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေပြီး ဒေသခံ ၁၀၀၀ ကျော် တိုက်ပွဲရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“နမ့်ဆန် ဇယန်းကျောင်းတိုက်မှာ IDPs ၁၀၀၀ ကျော်ပါတယ်။ စာရင်းအတိအကျမရသေးပါဘူး။ ထပ်ပြီး ရောက်နေကြဆဲမို့ပါ။တခြား ၂ နေရာမှာလည်း ရှိတယ်လို့သိရပါတယ်။”လို့ လက်ရှိ အကူအညီပေးနေတဲ့ လူမှုကူညီရေးအသင်းက တာဝန်ရှိသူ တဦးက ပြောပါတယ်။

စစ်ရေးက တင်းမာနေဆဲဖြစ်ပြီး အခုလ ၇ ရက်နေ့ကစတင်ကာ ‌ဒီကနေ့ အထိ နေ့စဉ် လေကြောင်းနဲ့ပါ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်ရာ အနီးတဝိုက်က ရွာ ၅ ရွာက ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ အစားအသောက်တွေ အဆင်ပြေနေပေမယ့် ရာသီဥတုဒဏ်နဲ့အရမ်းအေးတာကြောင့် ​ခြုံစောင်တွေ အရေးပေါ် လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

“အရမ်းအေးတယ်။ အပူချိန်က ညဆို ၂ ဒီဂရီပဲရှိတယ်။”လို့ သူက ရှင်းပြပါတယ်။

လက်ရှိ ရွာ ၅ ရွာက ဒေသခံတွေ ၁၀၀၀ ကျော်က နမ့်ဆန်မြို့ ဇယန်းကြီးကျောင်းမှာ ယာယီ တိမ်းရှောင်နေကြရပြီး တချို့တွေက နမ့်ဆန်မြို့ထဲက အသိမိတ်ဆွေအိမ်တွေ၊ လားရှိုး၊ ကျောက်မဲ၊ မန္တလေးဘက်အထိ ဆွေမျိုးတွေဆီလည်း ခိုလှုံနေကြရသူ အများအပြားရှိကာ ထပ်တိုး ရှောင်လာနေတဲ့သူတွေလည်း ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“အခြေအနေက တင်းမာ‌ဆဲပါ။ စစ်ရေးက အခုညနေ ၃ နာရီလောက်မှာ နောက်ထပ် စစ်သားတွေ နမ့်ဆန်ကို ရဟတ်ယဥ်နဲ့ လာချသွားတယ်။ အခုထိ လက်နက်ကြီးသံတွေ နမ့်ဆန်မြို့ပေါ်ကထိ ကြားနေရဆဲပါ၊ နမ့်ဆန်လမ်းတွေ မန်စံ ဘက်တွေလည်း အခြေအနေမကောင်းသလို သီပေါ နဲ့ ပန်လုံကြားလည်း တိုက်ပွဲဖြစ်လာဖို့ များတယ်။”လို့ ဒေသခံ တဦးက ပြောပါတယ်။

စစ်ရှောင်‌တွေက ကုန်းသာ၊ ဟူးမန်း၊ မန်လုံ၊ ပိန်းလုံ၊ သာလက် ရွာတွေက ဒေသခံတွေဖြစ်ပြီး ရက်ကြာ လာရင် စစ်ဘေးဒုက္ခသည်တွေအနေနဲ့ စားနပ် ရိက္ခာ၊ ဆေးဝါးတွေ အခက်အခဲ ရှိလာနိုင်တယ်လို့ နမ့်ဆန်မြို့က လူမှုကူညီရေးအသင်း ဦးဆောင်နေသူ ၁ ဦးက ပြောပါတယ်။

ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ TNLA ဌာနချုပ် ရှိရာ အနီးတဝိုက်ကို တိုက်ပွဲဖြစ်ပွားတာ မရှိဘဲနဲ့ အခု ဒီဇင်ဘာ ၇ ရက်နေ့ ‌မွန်းလွဲ ပိုင်းကစ ဒီနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ ၅ ရက်ဆက်တိုက် လေကြောင်းနဲ့ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo Crd -ဒေသခံ
#voiceofmyanmar #VOM #နမ့်ဆန်

Related posts

Leave a Comment

VOM News

FREE
VIEW