ဇင်းကျိုက်နယ်မြေရဲစခန်းက ရဲ ၂ ဦး ပစ်သတ်ခံရ

ဒီဇင်ဘာ ၁၁၊ ၂၀၂၂
SP (VOM)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းက ရဲ ၂ ဦးဟာ မနေ့ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက စခန်းပြင်ပ လမ်းတခုပေါ်မှာ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၃ နာရီခွဲ ဝန်းကျင်မှာ ပစ်ခံရတယ်လို့ သိရတယ် ၊ ဖြစ်ပွားတဲ့နေရာက ဥတ္တံတားကျေးရွာနဲ့ ဖလပ်ကျေးရွာအကြား တံတားအမှတ် ၄ / ၁၆၉ နားမှာဖြစ်တယ် ၊ ဇင်းကျိုက်နယ်မြေရဲစခန်းက နယ်ထိန်းရဲ မောင်ကိုကိုနဲ့ ရဲတပ်သား ခိုင်ဇော်ထွန်း ဆိုသူ ၂ ဦး ပစ်သတ်ခံရတာဖြစ်တယ်” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်သတ်ခံရတဲ့ ရဲ ၂ ယောက်ဟာ ရွာထဲကနေ ဇင်းကျိုက်နယ်မြေရဲစခန်းကို ပြန်လာတဲ့ လမ်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကြောင့် နယ်ထိန်းရဲ မောင်ကိုကိုနဲ့ ရဲတပ်သား ခိုင်ဇော်ထွန်း တို့ ၂ ယောက်ဟာ နောက်ကျောနဲ့ ဦးခေါင်းနေရာတွေမှာ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ နေရာမှာတင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ရဲ ၂ ယောက် ပစ်သတ်ခံရတာနဲ့ ပတ်သက်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် အခုထိ ဆက်သွယ် မရသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မွန်ပြည်နယ် ရေးမြို့မရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင် တယောက်စီးလာတဲ့ကား အပစ်ခံရပြီး အဲ့ဒီ ၂ ယောက်စလုံး သေဆုံးခဲ့တာ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဇင်းကျိုက်

Related posts

Leave a Comment

VOM News

FREE
VIEW