ထီးချိုင့်မြို့နယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လူနေအိမ် ၈၀ ကျော် မီးလောင်ပျက်စီး

ဒီဇင်ဘာ ၊ ၁၂ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ပြင်စုကျေးရွာနဲ့ ပေါက်ပင်ကျေးရွာနားမှာ မနေ့ ဒီဇင်ဘာ ၁၁ ရက် ၊ မနက် ၁၀ နာရီဝန်းကျင်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး ရွာထဲက လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်း အစောကြီးထဲက ရွာမှာ လူမရှိတော့ဘူး ၊ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်ကုန်ကြတယ် ၊ မနက် ၁၀ နာရီလောက်မှာ နှစ်ဘက် ပစ်ခတ်တာတွေဖြစ်ပြီးနောက် ပြင်စုရွာနဲ့ ပေါက်ပင်ရွာထဲက လူနေအိမ် ၈၀ ကျော် မီးလောင်ပျက်စီးတယ် ၊ ထွက်ပြေးနေရတော့ မီးက ဘယ်အဖွဲ့အစည်းရှို့တယ်ဆိုတာ မသိရဘူး ၊ မီးလောင်တာကြောင့် အိမ်မွေးတိရစ္ဆာန်တွေ သေတယ် ၊ လူထိခိုက်သေဆုံးတာတော့ မရှိဘူး “လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒီဇင်ဘာ ၇ ရက်ကလည်း စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ဇီးသောင်းကျေးရွာနဲ့ အောင်သာယာကျေးရွာနားမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရွာထဲက နေအိမ် ၁၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ကျောက်အိုက်ကျေးရွာနဲ့ ရွှေချောင်းကျေးရွာနားမှာ ၊ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး လူနေအိမ် ၁၆၀ ကျော် မီးလောင်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက် မနက် ၁၀ နာရီဝန်းကျင်ကလည်း ထီးချိုင့်မြို့နယ် ၊ အလယ်တောကျေးရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရွာထဲက လူနေအိမ် ၂၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

အဲ့ဒါကြောင့် ထီးချိုင့်မြို့နယ်ထဲမှာ အခုလ ၁၀ ရက်အတွင်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး အလယ်တောကျေးရွာ ၊ ကျောက်အိုက်ကျေးရွာ ၊ ရွှေချောင်းကျေးရွာ ၊ ပြင်စုကျေးရွာ ၊ ပေါက်ပင်ကျေးရွာ စတဲ့ ရွာတွေမှာ လူနေအိမ်ပေါင်း ၆ ရာနီးပါး မီးလောင်ပျက်စီးခဲ့ရပြီး မီးဘေးသင့်ပြည်သူ ၃ ထောင်နဲ့ ၅ ထောင်ကြားရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထီးချိုင့်

Related posts

Leave a Comment

VOM News

FREE
VIEW