မက်ဆီနဲ့ မိုဒရစ်အားပြိုင်ကြမယ့် အာဂျင်တီးနားနဲ့ ခရိုအေးရှားအသင်းတို့ရဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်

ဒိုဟာ၊ ဒီဇင်ဘာ-၁၃-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘာကျော်ဘောလုံးသမား မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေပေမယ့် ဒီနေ့ညမှကစားမယ့် ဆီမီးဖိုင်နယ်မှာတော့ ဘောလုံးဘိုးအေကြီး ဘရာဇီးလိုအသင်းမျိုးကို ကွာတာဖိုင်နယ်မှာ နောက်ကောက်ချနိုင်ခဲ့ ခရိုအေးရှားအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ခရိုအေးရှားအသင်းဟာ ဘရာဇီးနဲ့ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အချိန်ပို ၁၀၅ မိနစ်မှာ ဘရာဇီးတိုက်စစ်မှူးနေမာရဲ့ ဦးဆောင်ဂိုးနဲ့ရှုံးနိမ့်နေရာကနေ ၁၁၇ မိနစ်မှာ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပြီး ပင်နယ်တီနဲ့ အံ့အားသင့်ဖွယ်အနိုင်ရရှိခဲ့တဲ့အသင်းဖြစ်ပါတယ်။

အုပ်စုအဆင့်မှာ ရှုံးပွဲမရှိခဲ့ဘဲ တပွဲနိုင်နှစ်ပွဲသရေနဲ့ တက်လာခဲ့တဲ့ ခရိုအေးရှားအသင်းဟာ ရှုံးထွက်အဆင့်မှာ ဂျပန်ကိုပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရကာ ကွာတာဖိုင်နယ်မှာတော့ ဘရာဇီးအသင်းကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လာခဲ့တာဖြစ်ပါတယ်။

နယ်သာလန်အသင်းကတော့ အုပ်စုအဆင့်မှာ တပွဲရှုံး၊ နှစ်ပွဲအနိုင်နဲ့ အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး ရှုံးထွက်အဆင့်မှာ သြစတြေးလျနဲ့ ကွာတားဖိုင်နယ်မှာ အာဂျင်တီးနားကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဆီးမီးဖိုင်နယ်ကို တက်လှမ်းခဲ့တာဖြစ်ပါတယ်။

နှစ်သင်းစလုံးရဲ့ တိုက်စစ်ကဂိုးသွင်းအားကို ကြည့်မယ်ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အာဂျင်တီးနားက ကိုးဂိုးသွင်းထားပြီး လေးဂိုးပေးထားရပါတယ်။

ခရိုအေးရှားအသင်းကတော့ သွင်းဂိုး ခြောက်ဂိုးနဲ့ ပေးဂိုး သုံးဂိုးရှိနေတာကြောင့် တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်းမှာ အားသာချက်အားနည်းချက်တွေ ကိုယ်စီရှိနေကြပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီရဲ့ကစားအားက ကျမသွားသလို မော်ရိုကို၊ ကနေဒါ၊ ဘယ်လ်ဂျီယံ၊ ဂျပန်နဲ့ ဘရာဇီးတို့ကို ဖြတ်ကျော်အနိုင်ယူလာတဲ့ လူကာမိုဒရစ်ဦးဆောင်တဲ့ ခရိုအေးရှားရဲ့ တန်ပြန်တိုက်စစ်ကလည်း အာဂျင်တီးနားအနေနဲ့ လျှော့တွက်လို့မရတဲ့ အနေအထားဖြစ်ပါတယ်။

ခရိုအေးရှားမှာ နောက်ခံလူ ဘော်နာဆိုဆာ ဒဏ်ရာကနေ ပွဲကစားနိုင်ပြီဖြစ်တာကြောင့် ဒဏ်ရာရ၊ ပွဲပယ်ကစားသမားမရှိဘဲ အာဂျင်တီးနားကို လူအင်အားအပြည့်နဲ့ ရင်ဆိုင်ဖို့ အသင့်အနေအထားဖြစ်ပါတယ်။

ဘရာဇီးအသင်းဘက်ကို အချိန်ပိုမှာ ချေပဂိုးပြန်သွင်းပေးခဲ့တဲ့ ပက်ကိုဗစ်နဲ့ တောင်ပံကစားသမား မိုဒရစ် မာရီယိုပါဆာလစ်တို့က ခရိုအေးရှားတိုက်စစ်ကို ပုံဖော်သွားဖို့ရှိနေပါတယ်။

အာဂျင်တီးနားမှာတော့ နောက်ကစားသမား မားကို့စ်အကူနာနဲ့ ဂွန်ဇာလိုမွန်တီရယ်တို့ဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ခရိုအေးရှားနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်မှာကြောင့် နောက်တန်းအားနည်းချက် အနည်းငယ်ရှိနေပါတယ်။

နှစ်သင်းစလုံးရဲ့ အခြေအနေတွေအရ အာဂျင်တီးနားဟာ တိုက်စစ်အားသန်ပြီး ခံစစ်အနည်းငယ် အားနည်းချက်ရှိနေပြီး ခရိုအေးရှားကတော့ ခံစစ်ကိုသေချာပြင်ဆင်ပြီး တန်ပြန်တိုက်စစ်နဲ့ အာဂျင်တီးနားကို ထိန်းချုပ်ကစားဖို့ ကြိုးစားဖွယ်ရှိနေပါတယ်။

လက်ရှိအဆင့်ကို ရောက်ရှိလာတဲ့ အသင်းကြီးတွေဖြစ်တဲ့အတွက် တသင်းနဲ့တသင်းအမှားခံမှာမဟုတ်ဘဲ အရင်ဂိုးသွင်းနိုင်တဲ့အသင်းက အသာစီးရယူသွားနိုင်ပြီး အနိုင်ရလဒ်ဆိုရင်တော့ ဂိုးမပြတ်ဘဲ အာဂျင်တီးနားအနိုင်ရရှိနိုင်ပြီး ခံစစ်အားသာတဲ့ ခရိုအေးရှားကြောင့် အချိန်ပို ပင်နယ်တီထိ ရောက်ရှိသွားနိုင်တဲ့ ပွဲစဉ်ဖြစ်ပါတယ်။

Ref: Reuters
#voiceofmyanmar #VOM #ဒိုဟာ

Related posts

Leave a Comment

VOM News

FREE
VIEW