ဧရာဝတီတိုင်းက ရွှေပန်းတိမ်ပညာရှင်နဲ့ လုပ်သား ၃၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်နေလို့ အခက်အခဲဖြစ်နေ

ဒီဇင်ဘာ၊ ၁၆-၂၀၂၂
MM(VOM)

ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားတာနဲ့ နိုင်ငံရေး အကျပ်အတည်းကြောင့် ယာယီရပ်နားခဲ့တဲ့ ရွှေပန်းတိမ်လုပ်ငန်းတွေဟာ ဒီကနေ့အထိ ပြန်လည် မလုပ်ကိုင်နိုင်သေးတာကြောင့် ရွှေပန်းတိမ် လုပ်သားတွေနဲ့ ရွှေပန်းတိမ်ပညာရှင် အယောက် ၃၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်နေရတယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ရောဂါဖြစ်ပွားတာနဲ့ နိုင်ငံရေးအကျပ် အတည်းကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ဆန်းပိုင်းကနေ စတင်ကာ ရွှေပန်းတိမ်လုပ်ငန်းတွေ အားလုံး လုံးဝ ရပ်ဆိုင်းခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ရပ်ဆိုင်းခဲ့ရတဲ့ ရွှေပန်းတိမ်လုပ်ငန်းတွေမှာ လက်ရှိ အချိန်အထိ ပြန်လည် မလည်ပတ်နိုင်သေးတာကြောင့် ရွှေပန်းတိမ်လုပ်ရာမှာ အဓိကကျတဲ့ ပန်းတိမ် ပညာရှင်တွေ၊ ရွှေပန်းတိမ်ခုတ် လုပ်သား အားလုံး အယောက် ၃၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်နေရပြီး အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ပုသိမ်မြို့က ပန်းတိမ်ပညာရှင်တယောက်က ပြောပါတယ်။

”ကျွန်တော်ဆို ဘာမှ မလုပ်တတ်တာ ၊ ဒီပန်းတိမ် လုပ်ငန်းကို အသက် ၂၁ အရွယ်ကတည်းက လုပ်လာတာ ၊ အခုတော့ အလုပ်လက်မဲ့ဘဝ ရောက်နေတယ် ၊ အဓိက ပြဿနာက နိုင်ငံရေးကြောင့်ပါ ၊ ကိုဗစ်ဖြစ်တုန်းကတောင် စည်းကမ်းချက်တွေနဲ့ အညီ လုပ်ခဲ့ရသေးတယ် ၊ ကိုယ် တတ်တဲ့ အလုပ် ဒီအလုပ်လေး ဘယ်နေ့ ဘယ်အချိန် ပြန်လုပ်ကြ မလည်း စောင့်နေရတာ အခုအထိပဲ ၊ မိသားစု စားဖို့နေရေးကလည်း တရက်နဲ့ တရက် ပိုပိုခက်ခဲလာတယ် ၊ အခုခေတ်မှာက တယောက်လုပ်တာတောင် တယောက် စားလို့ မဝတဲ့ ခေတ်မို့ စိတ်ညစ်နေရတာ ၊ မိသားစုကလည်း သူတို့ အလုပ်တွေလည်း အဆင်မပြေတော့ဘူးပြောတယ် ၊ ကျွန်တော်နဲ့ နည်းတူ ပန်းတိမ်ပညာရှင်တွေနဲ့ ပန်းတိမ် လုပ်သား အယောက် ၃၀၀ လောက် အလုပ်မရှိဖြစ်နေတာ။”လို့ သူကဆက်ပြောပါတယ်။

လက်ရှိ ရွှေပန်းတိမ်လုပ်ငန်းတွေ ပြန်လည် မလုပ်နိုင် သေးတာဟာ မတည်ငြိမ်တဲ့ ရွှေဈေးတွေကြောင့်နဲ့
မငြိမ်းချမ်တဲ့ နိုင်ငံရေးကြောင့်ဖြစ်ပြီး ရွှေဆိုင်တွေဖွင့် မရောင်းရဲတဲ့ခေတ် ဖြစ်နေလို့ ရွှေပန်းတိမ်လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ဆိုတာဟာ လက်ရှိအခြေအနေတွေ နဲ့ မဖြစ်နိုင်သေးဘူးလို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

”သာမန် ပန်းရောင်းတဲ့ ဆိုင်တွေမှာတောင် လုယက် သတ်ဖြတ်တာတွေဖြစ်နေတာ၊ တနေ့နဲ့ တနေ့ မလုံခြုံဘူး၊ ရွှေဆိုင်တွေလည်း အရင်လို ဖွင့်မရောင်းရဲကြပါဘူး ၊ ရွှေမရောင်းရတော့ ပန်းတိမ်လုပ်ငန်းက ဘယ်အလုပ်ဖြစ်မလဲ၊ လုယက် သတ်ဖြတ်သူတွေကြောက်ရတာတမျိုး ၊ မတည်ငြိမ်တဲ့ ရွှေဈေးကြောင့် တမျိုး အမျိုးမျိုးအခြေအနေတွေဖြစ်နေတာ ၊ ဒါ့ကြောင့် လတ်တလော ရွှေပန်းတိမ်လုပ်ငန်းတွေ ပြန်မလုပ်နိုင်သေးတာ။”လို့ သူက ပြောပါတယ်။

အဲ့ဒီ့ ရွှေပန်းတိမ်လုပ်ငန်းတွေမှာ အသေးစားလုပ်ငန်း တစ်ခုကို ပန်းတိမ်ပညာရှင်နဲ့ ရွှေပန်းတိမ်လုပ်သား ၁၅ ယောက်နဲ့ ရွှေပန်းတိမ်လုပ်ငန်းကြီး တစ်ခုကို ရွှေပန်းတိမ်ပညာရှင်နဲ့ ရွှေပန်းတိမ်လုပ်သား အနည်းဆုံး အယောက် ၁၀၀ ကနေ ၂၀၀ အထိလုပ်ကိုင်ကြ တယ်လို့ သိရပါတယ်။

အခု အလုပ်လက်မဲ့ဖြစ်နေရတဲ့ ရွှေပန်းလုပ်ငန်းတွေဟာ ပုသိမ် ၊ မအူပင် ၊ ဟင်္သာတ ၊ မြောင်းမြ ၊ ဖျာပုံ ၊ လပွတ္တာ စတဲ့ ခရိုင်မြို့ကြီးတွေက ရွှေပန်းတိမ် လုပ်သားတွေနဲ့ ပန်းတိမ်ပညာရှင်တွေ ဖြစ်တယ်လို့လည်း သိရပါတယ် ။

#voiceofmyanmar #VOM #ရွှေပန်းတိမ်ကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW