ကျပ် သိန်း ၄၀၀ ဝန်းကျင်ကားတွေ ဈေးအနည်းငယ်တက်ပြီး အရောင်းအဝယ်ပြန်ဖြစ်နေ

ဒီဇင်ဘာ ၁၇ – ၂၀၂၂
SN (VOM)

ပြည်တွင်း ကားဈေးကွက်အတွင်း ကျပ် သိန်း ၄၀၀ ဝန်းကျင်ကားတွေ ဈေးအနည်းငယ်တက်ပြီး အရောင်းအဝယ်ပြန်ဖြစ်နေတယ်လို့ ရန်ကုန်တိုင်း မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

လက်ရှိ ကားဟောင်းဈေးကွက်မှာ ကျပ်သိန်း ၄၀၀ ဝန်းကျင်ကားတွေဟာ ကျပ်သိန်း ၄၃၀ ကနေ ၄၅၀ အထိ ဈေးရရှိနေပြီး အရောင်းအဝယ်ပြန်သွက်လာတယ်လို့ သိရပါတယ်။

“အောက်တိုဘာ၊ နိုဝင်ဘာမှာဖြစ်တဲ့ဈေးက ၄၀၀ တန် ဝန်းကျင်တွေက အခုဒီရက်ပိုင်းမှာ ဈေးတောင်တက်ပြီးတော့ အရောင်းအဝယ်ဖြစ်နေတယ်။ ဟိုတလောကဆိုရင် သိန်း ၃၉၀/၄၀၀ ဝယ်လို့ရတဲ့ကားတွေက ခုဆိုရင် ၄၃၀/၄၅၀ အဲ့လိုတောင်ပြောင်းပြီး အရောင်းအဝယ်ဖြစ်နေကြတာ။ ဈေးကျတယ်ဆိုတာ မဟုတ်ပါဘူး။ ဈေးက နည်းနည်းတောင်ပြန်တက်နေတာ။ ခုဆိုရင် အဝယ်လိုက်လာလို့ ဝယ်လို့မရ၊ ကားမရတဲ့သူတောင် ရှိကြတယ်” လို့ ရန်ကုန်တိုင်း မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလတွေမှာ ဒေါ်လာဈေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့တာကြောင့် ကားဈေးကွက်အတွင်း ဈေးနှုန်းအမြင့်ပိုင်းကို ရောက်ရှိခဲ့ပေမယ့် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာတော့ ဈေးနှုန်းအကျဘက်ကို ရောက်ရှိခဲ့ပြီး အခု ဒီဇင်ဘာလမှာတော့ ဈေးအနည်းငယ် မြင့်တက်လာတယ်လို့ သူက ပြောပါတယ်။

“အခုလက်ရှိ ကားဈေးအတက်အကျ ဆိုတာက ဩဂုတ်နဲ့ စက်တင်ဘာလတွေမှာ ဖြစ်ခဲ့တဲ့ဈေးနဲ့တော့ ယှဉ်လို့မရဘူး။ အဲ့ဒီ့အချိန်တွေတုန်းက ဒေါ်လာဈေးက ၃၈၀၀/၄၀၀၀ မဖြစ်သင့်တဲ့ဈေးအထိ ဖြစ်သွားတာကိုး။ အဲ့ဒီအချိန်မှာ ခေါ်ချင်တဲ့ဈေးခေါ်၊ ရောင်းချင်တဲ့ဈေးရောင်းပြီး လုဝယ်နေကြတာလေ။ အဲ့ဒီအချိန် ဝယ်မိတဲ့ဈေးတွေကတော့ ကားလုပ်ငန်းလုပ်တဲ့သူတိုင်း ရှုံးတာပဲ။ ဒီအချိန်မှာ အရောင်းအဝယ်ပြန်ဖြစ်တဲ့ ဈေးအပေါ်မှာတော့ အောက်တိုဘာ၊ နိုဝင်ဘာမှာဖြစ်တဲ့ဈေးနဲ့ ပြန်သုံးသပ်ရတာပဲလေ။ အဲ့ဒါကြောင့် အခု ဒီဇင်ဘာလထဲမှာ ဈေးပြန်တက်တယ်။ ဈေးပြန်တက်တယ်ဆိုတာကလည်း အရောင်းအဝယ်အရမ်းဖြစ်ပြီး ကားရှာရနည်းနည်းခက်တော့ ၁၀ သိန်း၊ ၁၅ သိန်းလောက်ပဲ နည်းနည်းလေးတက်နေတဲ့သဘောပါပဲ။ ကျန်တာတော့ သိပ်အများကြီးမရှိပါဘူး”လို့ သူက ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်း ကားဈေးနှုန်းတွေဟာ လာမယ့်နှစ်ဆန်းပိုင်း SKD ကားတွေ ဝင်ရောက်လာချိန်မှာ ဈေးသိသိသာသာ ပြောင်းလဲမှု မရှိနိုင်ဘူးလို့ သူက ပြောပါတယ်။

SKD ကားတွေဟာ ဈေးနှုန်းအမြင့်နဲ့သာ ဝင်ရောက်လာမှာဖြစ်ပြီး ပြည်တွင်းငွေလဲနှုန်း ကာလပေါက်ဈေးဖြင့်သာ တွက်ချက် ရောင်းချမှာဖြစ်တဲ့အတွက် လက်ရှိ ကားဈေးကွက်အပေါ် သက်ရောက်မှု မရှိနိုင်ဘူးလို့ သိရပါတယ်။

“ဒီ SKD ကားတွေက ဈေးအမြင့်နဲ့ရောက်လာမှာ။ လက်ရှိ ဒေါ်လာပေါက်ဈေးနဲ့ တွက်ချက်ပြီး ရောင်းချမှာဖြစ်တဲ့အတွက် အခု ကားဈေးနှုန်းကလည်း ဒါကိုချိန်ပြီး ရောင်းချနေတာဖြစ်တဲ့အတွက် အခုဖြစ်နေတဲ့ဈေးသည် ဒီ SKD ကားဈေးနှုန်းအောက်မှာပဲ သွားဖြစ်ဖို့များတယ်။ ထပ်ပြီးလည်း ကျဖို့မရှိသလို အများကြီးတက်ဖို့လည်း မရှိပါဘူး”လို့ သူက ပြောပါတယ်။

လာမယ့် ၂၀၂၃ ခုနှစ်မှာ SKD ကားတွေ ပြန်လည်တင်သွင်း ထုတ်လုပ်ခွင့်ပြုမယ့်အပြင် လျှပ်စစ်ကား တင်သွင်းခွင့်ကိုလည်း ခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကားစျေးကွက်ကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW