တရုတ်ဘက် တင်ပို့တဲ့ ဖရဲ ရောင်းလိုအားများပြီး ဝယ်လိုအားနည်းနေတာကြောင့် ဈေးကျ

ဒီဇင်ဘာ ၁၉၊ ၂၀၂၂
Shy V (VOM)

မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့ – ဝမ်တိန် ကနေ တရုတ်ဘက် တင်ပို့‌နေတဲ့ မြန်မာ့ ဖရဲ၊ သခွား ရောင်းလိုအားများပြီး ဝယ်လိုအားနည်းနေတာကြောင့် ဒီရက်ပိုင်းအတွင်း ဈေးကျ နေကြောင်း နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။

“အသီးတွေ အရမ်းများပြီးတော့ ဝယ်တဲ့လူက နည်းနေတာ။ ဒါ့ကြောင့်မို့လို့ ဈေးကျတာ၊ အခုလ ဒီဇင်ဘာ ၁၁ ရက်နေ့က မူဆယ်နဲ့ ထိစပ်နေတဲ့ ဝမ်တိန်၊ ရွှေလီ၊ ကျယ်ဂေါင်တွေကို တရုတ်ဘက်က ကိုဗစ် သတ်မှတ်ချက် ဖြေလျှော့လိုက်ပြီးနောက် သစ်သီး တင်ပို့မှု အဆင်ပြေလာပြီး 1 Kg ဈေးနှုန်း ရွှေသခွား ၃ ယွမ် နဲ့ ၄.၂ ယွမ် ကြား၊ 855 အမြင့်ဆုံး ၂.၃ ယွမ်၊ ထဲန့်ဝမ် ၄ ယွမ် အထိ ရခဲ့ပေမယ့် မနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာတော့ အစေ့မဲ့ ၁.၅ ယွမ် နဲ့ ၂ ယွမ်ကြား၊ ထင့်ဝမ် အမြင့်ဆုံးဈေး ၂.၅ ယွမ်၊ 855 က ၁ ယွမ် နဲ့ ၁.၂ ယွမ် ကြားသာ ရတယ်။” လို့ သစ်သီး ပို့ကုန် လုပ်ငန်းရှင် တဦးက ပြောပါတယ်။

ဒါ့အပြင် မ‌န္တလေးသီးနဲ့ ရှမ်းသီး စုနေတာကြောင့် အသီးကားတွေ များနေတယ်လို့လည်း နောက်ထပ် နယ်စပ် ကုန်သည် ၁ ဦးက ပြောပါတယ်။

“ဖရဲကားတွေက ဟိုဘက်မှာ ထဲမှာ ၁၀၀၊ ၁၅၀ လောက်ရှိတယ်။ ဒီဘက်မှာလည်း ၁၀၀၊ ၁၅၀ လောက် ရှိပါတယ် ၊ တရုတ်ဘက် ကိုဗစ် သတ်မှတ်ချက်တွေ ဖြေလျှော့ပေးလိုက်ပေမယ့် လတ်တလော တရုတ်ဘက်မှာ ကိုဗစ်ပြန်ဖြစ်နေတာမျိုးရှိလို့ စားသောက်ဆိုင်တွေပိတ်၊ လူတွေ အပြင်မထွက်‌တာကြောင့် အရောင်းအဝယ် ဈေးအေးတာ၊
ကိုဗစ် ဖြစ်နေပေမယ့် နှာစီး၊ ချောင်းဆိုး အဆင့်ပါ။”လို့ သူက ရှင်းပြပါတယ်။

အခုလ ဒီဇင်ဘာ လဆန်းပိုင်းကစ တရုတ်ဘက် ကိုဗစ် သတ်မှတ်ချက်တွေ တနိုင်ငံလုံးဖြေလျှော့ လိုက်တာဖြစ်ပြီး နှစ်နိုင်ငံ လူ အဝင်၊အထွက်ကိုတော့ ပိတ်ထားဆဲ ဖြစ်ပါတယ်။

မြန်မာ – တရုတ် နှစ်နိုင်ငံ အများဆုံး ကုန်သွယ်ရာဖြစ်တဲ့ မူဆယ် ကျင်စန်းကျော့ – ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာ ဂိတ်ကနေ တရုတ်ဘက်ကို မြန်မာ့ လယ်ယာ ထွက်ကုန်၊ မြေပဲ၊ ပြောင်း၊ နှမ်း၊ ကြံ၊ သစ်သီးဝလံ၊ ရေထွက်ကုန် နဲ့ အခြားစားသောက် ကုန်ပစ္စည်းတွေ တင်ပို့နေပြီး တရုတ်ဘက်က လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ ဆေးဝါး၊ အထည်အလိပ် နဲ့ လူသုံးကုန်မျိုးစုံ တင်သွင်းနေတာ ဖြစ်ပါတယ်။

Photo Crd -MK
#voiceofmyanmar #VOM #နယ်စပ်ဂိတ် #ဖရဲသီးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW