ယခုဆောင်းရာသီအတွင်း တရုတ်မှာ ကိုဗစ်ကူးစက်မှုလှိုင်း သုံးကြိမ်ကြုံတွေ့ရနိုင်ကြောင်း သတိပေး

ပေကျင်း၊ ဒီဇင်ဘာ-၁၉-၂၀၂၂
မျိုးဆက်(VOM)

ယခုနှစ်ဆောင်းရာသီအတွင်း တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလှိုင်း သုံးကြိမ်ကြုံတွေ့ရနိုင်ပြီး လက်ရှိမှာတော့ ပထမလှိုင်းနဲ့ ကြုံတွေ့နေရတယ်လို့ ယူဆရကြောင်း တရုတ်ထိပ်တန်းကျန်းမာရေး တာ၀န်ရှိသူတဦးက ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နိုင်ငံတွင်းမှာ တင်းကြပ်တဲ့ကန့်သတ်ချက်တွေကို ယခုလအစောပိုင်းက ရုပ်သိမ်းလိုက်ပြီးနောက်မှာ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာနေပါတယ်။

နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်တွေမှာတော့ နေ့စဉ်ကူးစက်မှု နည်းပါးနေတာကို တွေ့ရပါတယ်။

ဒါပေမယ့် ကိုဗစ်-၁၉ ရောဂါစမ်းသပ်စစ်ဆေးမှုတွေကို မကြာသေးမီက လျှော့ချလိုက်တဲ့အတွက် ကူးစက်မှုအရေအတွက် ကျဆင်းတယ်လို့ ယူဆရတဲ့ အပေါ် စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။

ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေမှာတော့ နေ့စဉ်ကူးစက်မှု ၂၀၉၇ ဦးသာရှိတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိကူးစက်မှုလှိုင်းဟာ ဇန်နဝါရီလလယ်ထိ ဖြစ်နိုင်ကြောင်း၊ ဒုတိယလှိုင်းဟာ ဇန်နဝါရီ ၂၁ ရက်မှာ စတင်မယ့် နှစ်သစ်ကူးကာလမှာ အစုလိုက်အပြုံလိုက် ခရီးသွားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်ကြောင်း တရုတ် ကူးစက်ရောဂါဗေဒပညာရှင် ဒေါက်တာဝူဇွန်ယူက ပြောပါတယ်။

အားလပ်ရက်ကာလများအပြီးမှာ ပြည်သူတွေလုပ်ငန်းခွင် ပြန်လည်၀င်ရောက်ခြင်းကြောင့် ဖေဖော်ဝါရီနှောင်းပိုင်းမှ မတ်လလယ်ထိ ကိုဗစ်-၁၉ ကူးစက်မှုတတိယလှိုင်း ဖြစ်ပွားလာနိုင်တယ်လို့ သူက သတိပေးပြောဆိုပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW