ရောဝတီတိုင်းမှာ စပါးရိတ်ခြွေခဈေးနှုန်း ၄ ဆနီးပါးမြင့်တက်လာလို့ တောင်သူတွေအခက်အခဲဖြစ်ပေါ်

ဒီဇင်ဘာ ၂၀-၂၀၂၂
MM(VOM)

ရောဝတီတိုင်းမှာ မိုးစပါးတွေ ရိတ်သိမ်းနေတဲ့ အခု ဒီဇင်ဘာလမှာ စပါးရိတ်ခြွေခ ဈေးတွေ ၄ ဆနီးပါးလောက် မြင့်တက်လာလို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။

အရင်နှစ်တွေ စပါးရိတ်သိမ်းချိန်က စပါးတစ်ဧကကို ရိတ်ခြွေခ ငွေကျပ် ၄သောင်း ဈေးသာရှိခဲ့ပြီး အခုနှစ် စပါး တစ်ဧကရိတ်ခြွေခ ငွေကျပ် တသိန်းခွဲ အထိ ဈေးတက်လာလို့ အခက်အခဲတွေဖြစ်နေတာလို့ ဧရာဝတီတိုင်း ဘိုကလေးမြို့မှ တောင်သူတယောက်ကပြောပါတယ်။

” လယ်သမားတွေ အများစုက ရိတ်ခြွေမရှိပါဘူး ၊ငွေ များများ ရင်းပြီး အငှားလိုက်သူဆီကနေ ငှားရိတ်တာများတယ် ၊ အခုရိတ်ခြွေခဈေးက မနှစ်ကထက် ၄ ဆ နီးပါးလောက်တက်နေတယ် ၊ မနှစ်က စပါးတစ်ဧကမှ ၄ သောင်း ၊ အခု စပါးတစ်ဧက ရိတ်ခ ၁ သိန်း ၅ သောင်းတဲ့ ၊ လယ်သမားတွေ ဘဝပျက်ဖို့ အကြောင်းဖန်လာတယ်လို့ ပြောရမှာပဲ၊ ငှားမရိတ်ရင်လည်း ခက်ခက်ခဲခဲနဲ့ စိုက်ထားရတဲ့ ကိုယ့်စပါးလေးတွေ ခြွေချလေလွင် ပျက်စီးကုန်မှာ စိုးရိမ်ရတယ် ၊ ဒါ့ကြောင့် ဘယ်လိုမှ အဆင်မပြေ အခက်အခဲရှိပြီး အရှုံးခံပြီး ရိတ်နေရတာ။”လို့ သူက ဆက်ပြောပါတယ်။

အခုလို စပါးရိတ်ခြွေခ ဈေးနှုန်းတွေ အရင်ထက် ၄ ဆနီးပါးလောက် တက်လာတာဟာ စက်သုံးဆီဈေးနဲ့ စက်ပစ္စည်းဖိုးတွေ ဈေးထိုးတက်နေတာကြောင့်ဖြစ်ပြီး စပါး တစ်ဧက ရိတ်ခြွေငွေကျပ် ၁၅၀၀၀၀ အထိယူထားပေမယ့် ရိတ်ခြွေခအနေနဲ့ သီးသန့် ၂ သောင်းပဲကျန်တယ်လို့ စပါးရိတ်ခြွေ အငှားလိုက်တဲ့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

”ကုန်ဈေးနှုန်းတွေ ဒီလောက် တက်နေတာ ၊ဒီအချိန်မှာ ဘယ်သူမှ အကျိုးမဖြစ်ဖူး ဖြစ်နေတယ် ၊အခုနှစ် စပါး တစ်ဧကရိတ်ဖို့အတွက် စက်သုံးဆီ ၉ သောင်းဖိုးလောက် ထည့်ရတယ် ၊ စက်ပြင်ခနဲ့အခြားကုန်ကျစရိတ်နုတ်လိုက်ရင် ရိတ်ခြွေခသီးသန့် ကိုယ့်အတွက် ၂ သောင်းလောက် ကျန်အောင် မနည်းလုပ်နေရတယ် ၊ အရင်က စက်သုံးဆီ ၁၅၀၀၀ ဖိုးထည့်ရင်စပါး ၃ ဧကလောက်အထိရိတ်လို့ရခဲ့တယ် ၊ လယ်သမားကလည်း သူတို့ရှိစုမတ်စုလေးနဲ့ လုပ်ထားရတော့ ငှားရိတ်ရတာပဲ ၊ အဆုံးရှုံးမခံနိုင်ဘူးလေ ၊ ဒီအခြေအနေ အသီးဖြစ်အောင် မနည်းလုပ်ခဲ့ရတာ။”လို့ သူက ဆက်ပြောပါတယ်။

စပါးရိတ်ခြွေခဈေးတွေ ထိုးတက်လာလို့ အခက်အခဲ ဖြစ်နေရတဲ့အပြင် အစိုးရ သတ်မှတ်တဲ့ စပါးဈေးအတိုင်း ရောင်းချနေရတာ ၊ ရွှေခရုတွေဖျက်ဆီးတာ ၊ ဓာတ်မြေသြဇာဈေးတက်လို့ လိုသလောက် မသုံးစွဲခဲ့ရတာ ၊ စပါးဖျက်ပိုးတွေကျခဲ့ရတာ ၊ အဖမ်းအဆီးတွေကြောင့် လယ်ယာလုပ်ငန်းကို မလုပ်နိုင်တာ ၊ စိုက်ပျိုးစရိတ် မတတ်နိုင်လို့ မစိုက်ဘဲထားခဲ့ရတာ စတဲ့အခြေအနေတွေကြောင့် အခုနှစ် စပါးအထွက်နှုန်းမှာလည်း သိသိသာသာကျဆင်းနေလို့ အခုနှစ် လယ်လုပ်ရတာ အရှုံးပေါ်နေတယ်လို့ မအူပင်မြို့က ဒေသခံ တောင်သူတယောက်ကပြောပါတယ်။

”မိရိုး ဖလာ အလုပ်မို့သာ လုပ်နေရတာ ၊ လယ်အလုပ်ကို လုံးဝ မလုပ်ချင်တော့ပါဘူး ၊အခုနှစ် စပါးတွေ စပေါ်တဲ့ အချိန်က ပြင်ပစပါး ပေါက်ဈေးက ဆယ်သိန်းကျော် ကျော်ရှိခဲ့တယ် ၊ အစိုးရသတ်မှတ်တဲ့ဈေးက ၆ သိန်းကျော်ပဲရှိတယ် ၊ အခုကုန်သည်တွေက ညစ်နေတယ် ၊အစိုးရဈေးပဲ ဝယ်တော့တယ် ၊ တောင်သူတွေ နလန်မထူအောင် လုပ်နေတာပဲလို့ ထင်တယ် ၊ စပါးတွေကလည်း တော်တော်ကို အထွက်နှုန်းကျနေတယ် ၊ တော်တော် ကျဆင်းနေတာ ရာသီဥတု ဖောက်ပြန်တာနဲ့ အခြားအကြောင်း ပေါင်းစုံကြောင့် ဖြစ်ရတာ ၊ အဓိက ပြဿနာက နိုင်ငံရေးမကောင်းတာပဲ။”လို့ သူက ဆက်ပြောပါတယ်။

အခုနှစ် ဧရာဝတီတိုင်းမှာ စပါးတစ်ဧကကို ပျှမ်းမျှ ၇၈ တင်းနှုန်းသာထွက်ရှိတော့ပြီး အရင် နိုင်ငံရေးပြောင်းလဲတဲ့ဖြစ်စဉ်တွေ မဖြစ်ခင်က စပါးတစ်ဧကကို ပျှမ်းမျှ တင်း ၁၀၀ အထိထွက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိ စပါးပေါက်ဈေးမှလည်း တင်း ၁၀၀ ကိုငွေကျပ် ၆၃၀၀၀၀ ဈေးသာပေါက်တော့ပြီး စပါးဈေးကျဆင်းနေတာနဲ့ တစ်ခြားအကြောင်းအရင်းတွေကြောင့် လာမယ့် နွေစပါးစိုက်ပျိုးရာသီမှာ နွေစပါးစိုက်ပျိုးဖို့နဲ့ ဆောင်းသီးနှံတွေ စိုက်ဖို့ အခက်အခဲရှိနေတယ်လို့ ဒေသခံတောင်သူတွေရဲ့ပြောပြ ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW