ဧရာဝတီတိုင်းမှာ တရားလွှတ်တော်ရှေ့နေတဦးအပါအဝင် လူ ၉ ဦး ၅၀၅-ကနဲ့ ထောင်၂နှစ်စီ ချခံရ

ဒီဇင်ဘာ၊ ၂၀-၂၀၂၂
MM(VOM)

ဧရာဝတီတိုင်း ၊ ဖျာပုံ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ တဲ့ တရားလွှတ်တော်ရှေ့နေတယောက်အပါအဝင် လူ ၉ ယောက်ကို ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်တယ်လို့ သိရပါတယ် ။

ဘိုကလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးစန်းလွင် အပါအဝင် လူ ၉ ယောက်ကို ပုဒ်မ ၅၀၅ -က နဲ့ ဖျာပုံ အကျဉ်းထောင်တွင်း အထူးတရားရုံးကနေ မနေ့ ဒီဇင်ဘာ ၁၉ ရက်က ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ သိရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ တရားလွှတ်တော် ရှေ့နေအပါအဝင် ၉ ယောက်မှာ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေ စတင်ဖြစ်ပွားနောက် ၂၀၂၁ခုနှစ် အတွင်းဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်တယ်ဆိုပြီး အဖမ်းခံခဲ့ရတာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

”အခု ထောင်ချခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးစန်းလွင်က မြန်မာနိုင်ငံရှေ့နေများကွန်ယက်မှာ ဧရာဝတီတိုင်း အတွင်းရေးမှူးတာဝန်နဲ့ ဆင်းရဲ နွမ်းပါးတဲ့ အမှုတွဲတွေကို အခမဲ့ကူညီ အမှုလိုက်ပေးနေတဲ့ ရှေ့နေတဦးပါ ၊ မနေ့က ဖျာပုံ ထောင်တွင်းတရားရုံးက အမိန့်ချတာ အခြား NLD တတ်ကြွလှုပ်ရှားသူ လူငယ် ၈ ယောက်လည်း အမိန့်ချတဲ့အထဲ ပါတယ် ၊ အခု အမိန့်ချခံရတဲ့သူတွေက ဆန္ဒထုတ်ဖော်လို့ဆိုပြီး အဖမ်းခံရသူတွေ ၊ လူငယ်တွေကြီးပဲ။”လို့ သူက ဆက်ပြောပါတယ်။

ထောင်ချခံရတဲ့သူတွေမှာ ဘိုကလေးမြို့နယ်က တရားလွှတ်တော်ရှေ့နေ ဦးစန်းလွင်၊ ရုံးအဖွဲ့တာဝန်ခံ ကိုစိုးမင်း ၊ NLD လူငယ်တွေဖြစ်တဲ့ ကိုဇော်မိုး ၊ကိုစံသိန်း၊ ကိုမြတ်မင်းခိုင် ၊ ကိုဟိန်းသူရထွန်း ၊ ကိုနေဝင်းလှိုင် ၊ ကိုကံမြင့် စတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြောင်းလဲတဲ့ ဖြစ်စဉ်တွေ ဖြစ်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ နိုဝင်ဘာလအထိ ဧရာဝတီတိုင်းမှာ တရားလွှတ်တော်ရှေ့နေ ၁၉ ယောက် အပါအဝင် လူ ထောင်နဲ့ချီဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဟင်္သာတမြို့က မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း ( ILAM )ရဲ့ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ နိုင်ငံရေးအမှုတွေ၊ ဆင်းရဲနွမ်းပါးတဲ့ သူတွေရဲ့အမှုတွေကို အခမဲ့ လိုက်ပါကူညီပေးသူ အမျိုးသမီးတရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွန်း အပါအဝင် တရားလွှတ်တော်ရှေ့နေတချို့ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့လည်း ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW