တရုတ်ဘက် တင်ပို့မယ့် ကုန်ခြောက်ကားတွေ ကြန့်ကြာနေလို့ ကုန်တင်ကားသမားတွေ အခက်အခဲဖြစ်

ဒီဇင်ဘာ ၂၁၊ ၂၀၂၂
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ကျင်စန်းကျော့ – ဝမ်တိန် ကနေ တရုတ်ဘက် တင်ပို့မယ့် ကုန်ခြောက်ကားတွေ နှောင့်နှေးကြန့်ကြာနေတာကြောင့် ကုန်တင်ကားသမားတွေ စရိတ်ပြတ် အခက်အခဲဖြစ်နေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

“အပေါ်မှာ အရမ်းကြီးကြာသွားရင်လည်း ထမင်းစရိတ် ထောင်း‌ပြီလေ၊ အခုလ လဆန်းပိုင်းမှာ ကားတွေ များလို့ ကားတွေ ရာနဲ့ချီ စောင့်ဆိုင်း နေကြရတာ။” လို့ ပြောင်းကုန်တင် ယဉ်မောင်းတဦးက ပြောပါတယ်။

တရုတ်ဘက် တင်ပို့ရင် အဝင် တစီး အထွက်တစီး စနစ်နဲ့ စီနီယာအလိုက် ဝင်ရတာကြောင့် ကားတွေ နေ့တိုင်း တရုတ်ဘက် ဝင်နေပေမယ့် ကြန့်ကြာတာမျိုးဖြစ်နေတာလို့ ကုန်သည်တဦးက ပြောပါတယ်။

“အခုရက်ပိုင်းအတွင်း ကုန်‌ခြောက် Export ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း တင်ပို့တာ နှောင့်နှေးနေပါတယ်။ တရုတ်ဘက် ဘီယာကွင်းကနေ ကားထွက်တာ နှေးနေတာကြောင့် ကုန်ခြောက်ကားတွေ Export နည်းနေတာပါ။”လို့ သူက ပြောပါတယ်။

အရင် နိုဝင်ဘာလကုန်ပိုင်း ကတည်းက ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် နဲ့ ကျင်းစန်းကျော့ ရွှေလီရေးဗား၊ ရွှေလွယ်အင် ကွင်းတွေမှာ တရုတ်ဘက် ပို့ကုန် တင်သွင်းမယ့် ကားတွေ ရာနဲ့ချီ စောင့်ဆိုင်းနေကြရတယ်လို့ ပြောပါတယ်။

“ထမင်းဖိုးတောင် မကျန်တော့ဘူး။ ပြောင်းကတော့ နည်းနည်း ပါးသွားပြီ။ ဒီလို ကြာသွားရင် ပြောင်းက မကိုက်တော့ဘူးလေ။ သိပ်မတင်ကြတော့ဘူး။” လို့ သူက ရှင်းပြပါတယ်။

ခေါက်ကြေး သုံးသိန်းပဲရတာကို တခေါက်ကို ၁ လ ကျော်ထိကြာတာကြောင့် ဘာမှမကျန်တဲ့အပြင် စရိတ်ပြတ်တာတွေပါ ကြုံနေရတယ်လို့ မန္တလေးကနေ နှမ်းတင်လာတဲ့ ကုန်တင်ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာဘက်ခြမ်းမှာ ရှန်တိန် (အစားထိုးယာဉ်မောင်း)စနစ် သုံးနေဆဲ ဖြစ်ကာ စောင့်ဆိုင်း အချိန်ပေးရတာမျိုးလည်း ရှိနေဆဲဖြစ်ပြီး မြန်မာဘက်ကနေ ဆန်၊ ဆန်ကွဲ၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပြောင်းတွေ အများဆုံးတင်ပို့နေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။

ကျင်းစန်းကျော့ – ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာ လမ်းကြောဟာ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံ ဘက်ကို ပို့ကုန် အများဆုံးတင်ပို့နေတဲ့ ဂိတ်ပေါက် ဖြစ်ပြီး မြန်မာဘက်က စိုက်ပျိုးရေးထွက်ကုန်၊ ရေထွက်ကုန်၊ အခြားကုန်မျိုးစုံ တင်ပို့နေပြီး တရုတ်ဘက်ကနေ စိုက်ပျိုးရေးသုံးပစ္စည်း၊ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ အထည်အလိပ် စသဖြင့် လူသုံးကုန်ပစ္စည်း မျိုးစုံ တင်သွင်းနေတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW