ဗောဓိတထောင်မှာ ရဲတဦး ပစ်သတ်ခံရပြီး သေနတ်ပါသွား

ဒီဇင်ဘာ ၊ ၂၁ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ခတ္တက္ကန်ကျေးရွာ ၊ ဗောဓိတထောင် ဘုရားနားမှာ လုံခြုံရေးကျနေတဲ့ ရဲတစ်ယောက်ဟာ မနေ့ ဒီဇင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းက ပစ်သတ်ခံရပြီး သေနတ်ပါသွားတယ်လို့ ခတ္တက္ကန်ကျေးရွာနေ ဒေသခံတွေဆီက သိရပါတယ်။

” ဗောဓိတထောင်နယ်မြေမှာ တာဝန်ကျတဲ့ ရဲ ၃ ဦးဟာ ဆိုင်ကယ် ၂ စီးနဲ့ လာတဲ့အချိန် အမည်မသိ လက်ကိုင်အဖွဲ့က ပစ်ခတ်တယ် ၊ ဆိုင်ကယ် ၁ စီး နဲ့ ရဲတယောက် ထိမှန်ပြီး သေနတ် ၁ လက်ပါသွားတာ “လို့ ခတ္တက္ကန်ရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မုံရွာမြို့နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ဗောဓိတထောင်နယ်မြေဘက်မှာ ဖြစ်တာပါ ၊ ရဲတယောက်ကျဆုံးပြီး MA 13 ( အူဇီ)သေနတ် ၁ လက် ပါသွားတယ် “လို့ ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားတာက မုံရွာ ပကဖ အဖွဲ့တွေဟာ ထန်းရည်သောက်ပြီး ပြန်လာတဲ့ ရဲ ၃ ယောက် ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတယောက် သေဆုံးကာ သေနတ် တလက်ရယူသိမ်ဆည်းနိုင်ခဲ့တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ရဲရဲ့ ရုပ်အလောင်းကို မုံရွာဆေးရုံကြီး ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက် ၊ ညနေပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးကျေးရွာ ၊ ညောင်ပင်ကြီး ရဲကင်းစခန်းက ရဲ ၄ ယောက်ဟာ စျေးဝယ်ထွက်တဲ့အခါ လမ်းမှာ ပစ်သတ်ခံရပြီး သေနတ် ၃ လက် ပါသွားတဲ့ဖြစ်စဥ် ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ညောင်ဖြူပင်ကျေးရွာ ၊ ညောင်ဖြူပင်နယ်ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲ ၂ ယောက်ဟာ စျေးဝယ်ထွက်လာတဲ့အခါ လမ်းမှာ ပစ်သတ်ခံရပြီး သေနတ် ၂ လက် ပါသွားတာ ဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW