ဘိုကလေးမှာ ကလေး ၁၂ ဦးအပါအဝင် အထောက် အထားမဲ့ ၁၁၂ ဦးဖမ်းမိ

ဒီဇင်ဘာ၊၂၁-၂၀၂၂
MM(VOM)

ဘိုကလေးမြို့နယ်က ပင်လယ်ကမ်းစပ်မှာ မနေ့ ဒီဇင်ဘာ ၂၁ ရက်က ကလေး ၁၂ ယောက်နဲ့ အမျိုးသမီး ၄၃ ယောက်ပါတဲ့ အထောက်အထားမဲ့သူ ၁၁၂ ယောက်ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အထောက်အထားမဲ့သူ ကလေး ၁၂ ယောက် ၊အမျိုးသမီး ၄၃ ယောက်နဲ့ အမျိုးသား ၅၇ ယောက်ကို ဒေသခံတွေရဲ့သတင်းပေးချက်အရ ဘိုကလေးမြို့ ကဒုံကနိကျေးရွာအုပ်စု၊ ကဒုံလေးကျွန်းနားအရောက်မှာ စက်လှေပေါ်ကနေ ဖမ်းမိခဲ့တာလို့ အထောက်အထားမဲ့သူတွေကို ကူညီပေးသူ တယောက်ကပြောပါတယ်။

”သူတို့က ရခိုင်ပြည်ကနေ စက်လှေနဲ့ လာတာ ၊ မလေးရှားနိုင်ငံကိုသွားဖို့တဲ့ စက်လှေသမားသီးသန့်တော့ ပါလာတာ မတွေ့ရဘူး ၊ အထောက်အထားမဲ့သူတွေ တွေ့တာက ဒေသခံတွေပါ ၊ဒေသခံတွေက ကျေးရွာလူကြီးကို အကြောင်းကြားလို့ ကျေးရွာ လူကြီးကကနေ ရဲစခန်းကို အကြောင်းတာနဲ့ ရဲစခန်းက လာဖမ်းသွားတာ ၊ မနေ့ မနက်အစော ပိုင်းက ဖမ်းမိတာ”လို့ သူက ဆက်ပြောပါတယ်။

အခု ဖမ်းမိတဲ့ အထောက်အထားမဲ့သူ ၁၁၂ ယောက်ကို ဘိုကလေးမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနဲ့အညီ တရားစွဲဆိုဖို့ လုပ်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ကလည်း ဘိုကလေးမြို့နယ် ၊ အမာမြို့နယ်ခွဲ၊ ကတုံးလေးကျွန်းအနီးမှာ စက်လှေပျက်ပြီး မျောပါလာချိန် အဖမ်းခံခဲ့ရတဲ့ အထောက်အထားမဲ့ ၃၅ ယောက်ကို နိုဝင်ဘာ ၁၅ ရက်က ထောင်ဒဏ် ၅ နှစ်စီအမိန့်ချခဲ့သေးတယ်လို့ တရားရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။

”ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က ထောင်ဒဏ်ချမှတ်ခံရတဲ့ အထောက်အထားမဲ့သူ ၃၅ ယောက်ရှိတယ်၊ အခုဖမ်းမိတဲ့နေရာမှာပဲ မိခဲ့တာ ၊ အားလုံး ၃၅ ယောက် ထောင်ဒဏ် ၅ နှစ်စီအမိန့်ချမှတ်ခဲ့တာ ၊ အခုလိုပဲ ဖမ်းမိတဲ့ အထောက်အထားမဲ့သူတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ အထောက်အထားမဲ့သူ ၁၃ ယောက်ပါတယ် ၊ သူတို့ကိုတော့ ရန်ကုန်တိုင်း တွံ့တေးမြို့က ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေး စခန်းမှာ အသက် ၂၀ ပြည့်ချိန် အထိ ထိန်းသိမ်းထားဖို့အမိန့်ချခဲ့တာ။”လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်က လှည်းကူးမြို့နယ်မှာ သေဆုံးလျက်တွေ့ရှိရတဲ့ အထောက်အထားမဲ့ ၁၃ ဦး
အပါအဝင် အထောက်အထားမဲ့သူတွေကို တရားမဝင် သယ်ဆောင်ထိန်းသိမ်းထားပြီး မလေးရှားနိုင်ငံကိုပို့နေတဲ့ အမျိုးသား ၁၂ ယောက်ကို ဖမ်းဆီးထားတယ်လို့ သက်ဆိုင်ရာက ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာနဲ့ ရုပ်မြင်သံကြားတွေကနေ ထုတ်ပြန်ကြေညာထားတာကိုလည်း တွေ့ရပါတယ်။

လတ်တလော တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက အထောက်အထားမဲ့ အမျိုးသား ၊ အမျိုးသမီး ၃၀၀ ကျော်ဖမ်းမိခဲ့တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်တဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဘိုကလေး #အထောက်အထားမဲ့ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW