ကမ္ဘောဇတိုင်းအယ်ဒီတာချုပ် ဖမ်းဆီးခံရ

ဒီဇင်ဘာ ၂၅ – ၂၀၂၂
SN (VOM)

ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ ကမ္ဘောဇတိုင်းမ် (Kanbawza Tai News)သတင်းဌာနရဲ့ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်ဇေယျကို ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်၊ မနက် ၃ နာရီမှာ ကြို့ပင်ကောက်မြို့က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“မနက်အစောကြီး လာဖမ်းသွားကြတာ။ လာဖမ်းတုန်းက ပစ္စည်းတွေလည်း သိမ်းသွားတယ်။ အခုသူ့ကို ကြို့ပင်ကောက် စစ်ကြောရေးမှာ ချုပ်ထားတယ်ဆိုတာကလွဲလို့ ကျန်တာတော့ ဘာမှမကြားရသေးဘူး” လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကမ္ဘောဇတိုင်းမ်သတင်းဌာန ထုတ်ဝေသူ အပါအဝင် အယ်ဒီတာအဖွဲ့ဝင်တွေကို ပုဒ်မ-၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ မတ် ၂၄ ရက်ကတည်းက ၄ ဦးအဖမ်းခံခဲ့ရပြီး အယ်ဒီတာချုပ် ဦးကျော်ဇေယျကတော့ ထွက်ပြေးတိမ်းရှောင်ရင်း ဒီကနေ့မှာ အဖမ်းခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ့ ၄ ဦးကိုတော့ ဖမ်းဆီးထားပြီး ၈ လကျော်အကြာမှာ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုပုဒ်မနဲ့ စွပ်စွဲပြီး ညောင်ရွှေအကျဉ်းထောင် အထူးတရားရုံးကနေ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာတော့ စုစုပေါင်း ထောင်ဒဏ် ၃ နှစ်မှာ အယူခံနိုင်ပြီး ထောင်ဒဏ် ၂ နှစ် ဖြစ်သွားတာကြောင့် ပြစ်ဒဏ်စေ့တဲ့အတွက် ၄ ဦးစလုံး ပြန်လည်လွတ်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းကစပြီး အခုနှစ် ဒီဇင်ဘာလအထိ သတင်းသမားပေါင်း ၁၅၁ ဦး ဖမ်းဆီးခံခဲ့ရပြီး ၉၅ ဦး ပြန်လည်လွတ်မြောက်လာပေမယ့် ၅၅ ဦးကတော့ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေဆဲဖြစ်ပြီး ဓာတ်ပုံသတင်းသမားတဦးဖြစ်သူ ကိုစိုးနိုင်ကတော့ ဖမ်းဆီးခံထားရချိန်အတွင်းမှာပဲ စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ကမ္ဘောဇတိုင်းအယ်ဒီတာချုပ် #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW