တရုတ်ဘက် တင်ပို့နေတဲ့ ဖရဲ၊ သခွား ဈေး ပြန်ကောင်းလာ

ဇန်နဝါရီ ၂၊ ၂၀၂၃
Shy V

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်၊ ကျင်စန်းကျော့ – ဝမ်တိန် ကနေ တရုတ်ဘက် တင်ပို့နေတဲ့ မြန်မာ့ ဖရဲ၊ သခွားတွေဟာ အခုရက်ပိုင်းအတွင်း ဈေးကောင်းလာတယ်လို့ နယ်စပ် သစ်သီးပို့ကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“ဖရဲ သခွား အခုရက်ပိုင်း ဈေးကောင်းပါတယ်၊ ဒီနေ့ ဇန်နဝါရီ ၂ ရက်နေ့ မနက်ပိုင်းမှာတော့ ဖရဲ 855 ၁ ကီလိုဂရမ်ကို အမြင့်ဆုံးဈေး တရုတ်ငွေ ၄ ယွမ်၊ ထင့်ဝမ် ၁ ကီလိုဂရမ်ကို တရုတ်ငွေ ၄.၇ ကနေ ၄.၈ ယွမ်၊ သခွားမွှေးလည်း ၁ ကီလိုဂရမ်ကို တရုတ်ငွေ ၄.၇ ကနေ ၄.၈ ယွမ် ရတယ်၊ အဝင်နည်းတာရယ်၊ နှစ်သစ်ကူးချိန်ရောက်တော့မှာ ဖြစ်တာရယ်ကြောင့် နံနက် ၇ နာရီခွဲ မှာ အရောင်းအဝယ် ပြီးသွားပါပြီ။” ။”လို့ သစ်သီးပို့ကုန် လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။

ဈေးကောင်းလာရင် အရည်အသွေး မကောင်းတဲ့ နွားမစား အသီးတွေ တင်ပို့တာမျိုး ပြီးခဲ့တဲ့ ၂၀၁၇၊ ၂၀၁၈ ခုနှစ်တွေမှာလည်း ကြုံခဲ့ဖူးကာ ဈေးကွက် ပျက်ခဲ့ရတဲ့အပြင် ဝယ်ယူသူတွေ အယုံအကြည်ပါ ပျက်ခဲ့ရတာကြောင့် အရည်အသွေး ကောင်းတဲ့ အသီးတွေကိုသာ တင်ပို့သင့်တယ်လို့လည်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။

“ကျနော် တွေ့ခဲ့ရတယ်။ ဈေးကောင်းပြီ ဆိုရင် အရည်အသွေးကို မထိန်းတော့ဘူး အကုန်တင်ကြပါတယ်။ ” လို့ ကုန်သည် တဦး ကပြောပါတယ်။

ဈေးကောင်းရဖို့ နဲ့ အရည်အသွေးက အဓိကဖြစ်တာကြောင့် အရည်အသွေး မကောင်း၊ အသီးအရွယ် မညီဘူးဆိုရင် မတင်ပို့သင့်ဘူးလို့လည်း ပြောပါတယ်။

လက်ရှိမှာတော့ တရုတ်ငွေ ၁ ယွမ်ကို မြန်မာငွေ ၄၀၀ ကျပ် ကနေ ၄၁၀ ကျပ်ကြား ရှိပြီး ယခင်လမှာတော့ ဖရဲ 855 ၁ ကီလိုဂရမ်ကို ၂.၈ ယွမ်‌ အောက်သာ ဈေးရရှိခဲ့တာပါ။

Photo Crd – MK
#voiceofmyanmar #VOM #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW