ရန်ကုန် – မြိတ် ပြေးဆွဲနေတဲ့ ရွှေဝယ်သူ ခရီးသည်တင်ကား ဓားပြတိုက်ခံရ

ဇန်နဝါရီ ၂ -၂၀၂၃
SP (VOM)

မွန်ပြည်နယ် ၊ ရေးနှင့် သံဖြူဇရပ်မြို့နယ်ကြား ကနင်ကမော့ရွာအနီး မလွဲတောင်နားမှာ ဒီကနေ့မနက် အစောပိုင်းက ရန်ကုန်ကနေ မြိတ်မြို့ကို ခရီးသည်တင်ပြေးဆွဲလာတဲ့ ရွှေဝယ်သူ ခရီးသည်တင်ကား ဓားပြတိုက်ခံရပြီး ခရီးသည်တွေရဲ့ ရွှေထည် လက်ဝတ် လက်စားတွေပါသွားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” ဒီမနက် ၄ နာရီခွဲလောက်မှာ မလွဲတောင်နားကိုရောက်တော့ အမည်မသိ သေနတ်သမား ၆ ယောက်က သေနတ်ပစ်ဖောက်ပြီး ကားကိုတားတယ် ၊ နောက်ပြီး ကားပေါ်ပါတဲ့ ခရီးသည်တွေကို ဆင်းခိုင်းပြီး ရွှေထည် လက်ဝတ်လက်စားနဲ့ ပိုက်ဆံအိတ်တွေကို ပေးရတယ် ၊ မှတ်ပုံတင်တွေရော ၊ ပိုက်ဆံတွေပါ ၊ ပါသွားတယ် ၊ အဲ့ဒီအပြင် ခရီးသည်တွေရဲ့ ဖုန်းတွေပါ ယူသွားတာ”လို့ ဓားပြတိုက်ခံရတဲ့ ခရီးသည် တယောက်က ပြောပါတယ်။

ရွှေဝယ်သူ ခရီးသည်သယ်ယူပို့ဆောင်ရေး ကားဂိတ်နဲ့ နီးစပ်သူ တယောက်က ” မွန်ပြည်နယ် မလွဲတောက်နားမှာ ဓားပြတိုက်ခံရတဲ့ကားက မနေ့က ရန်ကုန်ကနေ မြိတ်ကိုထွက်သွားတဲ့ ကားဖြစ်တယ် ၊ ခရီးသည် လူ ၃၀ ကျော်ပါသွားတယ် ၊ လက်လုပ်သေနတ်တွေကိုင်ထားတဲ့ လူ ၁၀ ယောက်လောက်က ဓားပြတိုက်သွားတာ”လို့ ပြောပါတယ်။

ဒါ့အပြင် မွန်ပြည်နယ် ၊ ပြည်နယ်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ” ခရီးသည်တင်ကား ဓားပြတိုက်ခံရတာဖြစ်တယ် ၊ ပါဆုံး ပစ္စည်းစာရင်း စီစစ်နေဆဲဖြစ်တယ် ၊အကြမ်းဖျင်း သိရတာက ခန့်မှန်း ကာလတန်းဖိုး သိန်း နှစ်ရာ နီးပါးလောက်ဖြစ်မယ်”လို့ ပြောပါတယ်။

အဲ့ဒီ ဓားပြမှု ဖြစ်စဥ်နဲ့ ပတ်သက်ပြီး အမှုဖွင့် စုံစမ်းစစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန် – ရေး – မြိတ် – ထားဝယ် ကားလမ်းပိုင်းမှာ ပြီးခဲ့တဲ့နှစ်က ခရီးသည်တင်ကားတွေနဲ့ အိမ်စီးကားတွေ ပစ်ခတ်ခံရတာရှိပြီး ၊ ခရီးသည်တွေ ဓားပြတိုက်ခံရတဲ့ ဖြစ်စဥ်ဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မွန်

Related posts

Leave a Comment

VOM News

FREE
VIEW