လောင်းလုံးမှာ နှစ်ရက်အတွင်း သက်ကြီးပိုင်း အမျိုးသမီး ၂ ဦး ပစ်သတ်ခံရ

ဇန်နဝါရီ ၁၂ – ၂၀၂၃
SN (VOM)

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ၂ ရက်အတွင်း အသက်ကြီးပိုင်း အမျိုးသမီး ၂ ဦးပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့၊ နေ့လယ်ပိုင်းမှာ ကျောက်ဆင်ရွာက အသက် ၆၃ အရွယ်အရွယ် ဒေါ်မာမာဇင်ဆိုတဲ့ အမျိုးသမီးတဦး နေအိမ်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒေါ်မာမာဇင်ဟာ ပစ်ခတ်ခံရမှုကြောင့် လည်ပင်း၊ မျက်လုံး၊ နားထင်တို့မှာ ဒဏ်ရာတွေ ရရှိပြီး နေရာမှာပဲ သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းကလည်း ဝေဒီကျေးရွာနေ အသက် ၆၅ နှစ်ဝန်းကျင်ရှိ ဒေါ်တင်သန်းဆိုသူဟာ နေအိမ်စျေးဆိုင်မှာ စျေးရောင်းနေတုန်း အမည်မသိ လူတစုရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ သိရပါတယ်။

“ဒီအမျိုးသမီးတွေ ဘာကြောင့်ပစ်သတ်ခံရတယ်ဆိုတာနဲ့ ဘယ်အဖွဲ့ကပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒီ ၂ ယောက်ထဲက ဒေါ်တင်သန်းကတော့ ပျူစောထီးအဖွဲ့ဝင်ဆိုပြီး လူပြောများနေတဲ့သူဖြစ်ပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးစာ ၅ ကြိမ် ပေးပို့ထားခံရသူ ဖြစ်တယ်လို့လည်း သိရပါတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီ့ ပစ်ခတ်မှုတွေကို ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ်ဆိုတာကို အခုအချိန်အထိ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

ပစ်သတ်ခံရသူ ၂ ဦးစလုံးရဲ့ အလောင်းတွေကိုတော့ လူနာတင်ကားနဲ့ ထားဝယ်ကိုသယ်ဆောင်သွားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #လောင်းလုံး #ပစ်သတ်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW