၁၅ နာရီကျော်ကြာခဲ့တဲ့ Grand Royal စက်ရုံမီးလောင်မှု ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့

ဇန်နဝါရီ ၁၄ – ၂၀၂၃
SN (VOM)

အချိန် ၁၅ နာရီကျော် ကြာခဲ့တဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံ မီးလောင်ကျွမ်းမှု ဖြစ်စဉ်အတွင်း ဘွိုင်လာပေါက်ကွဲမှုတွေ ရှိခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ဝင်အပါအဝင် ပရဟိတအသင်းဝင်တွေပါ ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့တယ်လို့ သိရပါတယ်။

မီးငြှိမ်းသတ်စဉ် မနေ့ ဇန်နဝါရီ ၁၃ ရက်နေ့၊ ညနေ ၅ နာရီခွဲအချိန်မှာ စက်ရုံအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ဝန်းကျင်ခန့် ရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံနဲ့ အင်းစိန်ဆေးရုံတို့ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၃ ရက်နေ့ (မနေ့က) ညနေ ၃ နာရီ ခွဲအချိန်ကနေ စတင်လောင်ကျွမ်းခဲ့တဲ့မီးကို အဲ့ဒီ့နေ့ည ၈ နာရီ ၃၇ မိနစ်မှာ မီးထိန်းနိုင်ခဲ့တာဖြစ်ပြီး ဆက်လက်ငြှိမ်းသတ်ခဲ့ရာမှ ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်၊ မနက် ၇ နာရီမှာ မီးငြှိမ်းနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Level 3 အဆင့်ရှိခဲ့တဲ့ အဲ့ဒီမီးလောင်ကျွမ်းမှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ယာဉ်အုပ်စုနဲ့ ရန်ကုန်တိုင်းအတွင်းရှိ မီးသတ်စခန်းတွေက မီးသတ်ယာဉ် အစီး ၆၀၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄၅၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ဝ ဦး စုစုပေါင်း ၅၅၀ ဦးခန့်နဲ့ ငြှိမ်းသတ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ မီးကျွင်းမီးကျန်တွေ ဆက်လက် ရှင်းလင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

“အခုမနက် ၇ နာရီမှာ မီးငြိမ်းတာတော့ဟုတ်တယ်။ ဒါပေမယ့် မီးလောင်မှုတခုဖြစ်ပြီဆိုရင် မီးကျွင်းမီးကျန်နဲ့ Second Fire မဖြစ်အောင် ရှင်းလင်းရတဲ့အပိုင်းတွေရှိတယ်။ အဲ့ဒါကြောင့် အခု မီးကျွင်းမီးကျန် ရှင်းလင်းတာကိုတော့ ဆက်လုပ်နေပါတယ်“ လို့ “ရွှေရောင်သမိုင်း“ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိအချိန်အထိ ရရှိတဲ့သတင်းတွေအရ အဲ့ဒီ့ဖြစ်စဉ်ကြောင့် စက်ရုံရှိ RF 96% အရက်ဆီဂါလန် ၅၀၀၀၀ ဆံ့ Tank ၃ လုံး၊ RF 50% အ ရက်ဆီလီတာ ၂၀၀၀၀ ဆံ့ Tank ၆ လုံးနဲ့ ဂို ဒေါင် ၃ လုံးမီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

“ဒီဖြစ်စဉ်မှာ အဓိကတော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်တာပါ။ ကျွန်တော်တို့ လူမှုကူညီရေးအဖွဲ့တွေကတော့ နောက်ကနေ လိုအပ်တာပံ့ပိုးရတဲ့အပိုင်းတွေပါပဲ။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကတော့ ခေတ်မီ မီးသတ်ပစ္စည်းတွေကိုအသုံးပြုပြီးတော့ ရိုးရိုးရေနဲ့သာမကဘဲ ဓာတုဖျော်ရည် အမြှုပ်ဆေးရည်တွေကို အသုံးပြုပြီးတော့ မီးငြှိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။ မီးငြှိမ်းချိန်ကလည်း နာရီတော်တော်များများပေးပြီးတော့ ငြှိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်“ လို့ သူက ပြောပါတယ်။

အဲ့ဒီ့ မီးလောင်မှုကြောင့် အနီးဝန်းကျင်နေထိုင်သူအချို့ကလည်း ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရတယ်လို့လည်း သိရပြီး အဲ့ဒီအရက်ချက်စက်ရုံ မီးလောင်မှုအကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ လက်ရှိမှာ စိစစ်တွက်ချက်ဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo Crd – Original Upolader
#voiceofmyanmar #VOM #ရန်ကုန် #အရက်ချက်စက်ရုံမီးလောင်မှု #ဒဏ်ရာရသူတွေရှိခဲ့

Related posts

Leave a Comment

VOM News

FREE
VIEW