၃ နှစ်ခန့်ကြာ ပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်၊ မူဆယ်၊ မန့်ဝိန်း – ဂျယ်ဂေါင် ကုန်သွယ်ရေးဂိတ် ပြန်ဖွင့်

ဇန်နဝါရီ ၁၄-၂၀၂၃
Shy V (VOM)

တရုတ်-မြန်မာ နယ်စပ်၊ မူဆယ်၊ မန့်ဝိန်း – ဂျယ်ဂေါင် ကုန်သွယ်ရေးဂိတ်ကို ဒီနေ့ ဇန်နဝါရီ ၁၄ ရက်‌ မနက် ၇ နာရီက စဖွင့်လိုက်ပြီဖြစ်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာန ရဲ့ အသိပေးထုတ်ပြန်စာ နဲ့ ခရိုင်ဦးစီးဌာနကနေ သိရပါတယ်။

“ဟုတ်တယ် ဒီနေ့မနက် ၈ နာရီ ဖွင့်တယ်၊ တရုတ်ဘက်ခြမ်းက ကုန်ရော လူပါ အဝင်အထွက် လက်ခံပေမယ့် မြန်မာဘက်ခြမ်းကတော့ ဒရိုင်ဘာ တယောက်ပဲ ဝင်ထွက်ခွင့်ပြုတယ်၊ ဒါပေမယ့် ကျနော်တို့ကတော့ ကုန်ပဲ။ လူက ကား ဒရိုင်ဘာ တယောက်ရမယ်။ ကားကတော့ ၁၆ တန် အထိပေါ့ ဝင်ထွက်လို့ရတယ်။ ၁၆ တန် အောက်ဆို အကုန်ဝင်လို့ရတယ်။ သူက သတ်မှတ်ချက်နဲ့ ကိုက်ရင် ရတယ်။ သူက အာဆီယံ စံ နှုန်းလေ။ အာဆီယံ ကူးသန်းသွားလာခွင့် စံနှုန်း အတိုင်းဆိုရင် အကုန်လုံးရတယ်နော်”လို့ မူဆယ်ခရိုင် ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဌာနမှူး ဦးအယ်စိုးထန်တူးက VOM ကို ပြောပါတယ်။

ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ သတ်မှတ်တဲ့ အတိုင်း ညီညွတ်ရင် အခုချိန်ကစ ဝင်လို့ ရပြီဖြစ်ကြောင်း
အခုဖွင့်လိုက်တဲ့ မူဆယ် မန့်ဝိန်း-ကျယ်ဂေါင် ကုန်သွယ်ရေး ဂိတ်ပေါက်ကနေ ၁၆ တန်အောက် ကုန်ကားတွေသာ ဝင်ထွက်ခွင့်ပြုတယ်လို့ ပြောပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်စာမှာတော့ လယ်ယာထွက်ကုန်၊ သစ်သီးဝလံ၊ ရေထွက်ကုန်ပစ္စည်း နဲ့ သတ္တုတွင်းထွက်တွေမှအပ ကျန်ပို့ကုန် ပစ္စည်း တွေကိုသာ တင်ပို့ခွင့်ပြုတယ်လို့ ဖော်ပြထားပါတယ်။

သွင်းကုန်အနေနဲ့ လူသုံးကုန်၊ စားသောက်ကုန်၊ ဆေးနဲ့ ဆေးပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေကို တင်သွင်းခွင့်ပြုကြောင်း အဲဒီ ထုတ်ပြန်စာမှာ ပါရှိပါတယ်။

မူဆယ်မြို့တွင်းမှာတော့ ၆ ဘီး ကုန်တင်ယာဉ်တွေကိုသာ ဝင်/ထွက် သွားလာခွင့်ပြုမှာဖြစ်ပြီး ၈ ဘီး နဲ့ အထက် ကုန်တင်ယာဉ်တွေကို ဝင်ခွင့် မပြုဘူးလို့လည်း ဖော်ပြထားပါတယ်။

မန့်ဝိန်း – ကျယ်ဂေါက် တရုတ် – မြန်မာ နှစ်နိုင် ငံကုန်သွယ်ရာ ဂိတ်ကို ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီလကစ တရုတ်ဘက်က ကိုဗစ် အကြောင်းပြချက်နဲ့ အကန့် အသတ်မရှိ ပိတ်ခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မူဆယ် #သုံးနှစ်ကြာပိတ် #နယ်စပ်ဂိတ်ပြန်ဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW